Home သတင်း ခလယ်လွီထူ(ညောင်လေးပင်) ခရိုင် နောက်ဆုံးရသတင်းတိုများ

ခလယ်လွီထူ(ညောင်လေးပင်) ခရိုင် နောက်ဆုံးရသတင်းတိုများ

308
Photo: KNU

အောက်တိုဘာ ၇ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၃ နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်အတွင်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့် ဗုံးသီးကြဲချမှုနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုစသည့်သတင်းတိုများကို စုစည်းဖော်ပြလိုက်ပါသည်။

မူး(မုန်း) မြို့နယ်တွင် စစ်ကောင်စီ ဒရုန်းဗုံးကြဲအမျိုးသမီးတစ်ဦးသေဆုံး
ကေအဲန်ယူ-မူးမြို့နယ်တွင် စစ်ကောင်စီခြေလျင်တပ်ရင်း (ခမရ-၃၀၇)က အောက်တိုဘာ ၃ ရက်၊ နေ့လည် ၁၁ နာရီ ကျော်ခန့်တွင် ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ လှေဒုံးရွာ ဘုန်းကြီးကျောင်းရှေ့နှင့် ဘောလုံးကွင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်၊ သေဆုံးမှုမရှိကြောင်း သိရသည်။

ထို့အပြင် အဆိုပါ ခမရ-၃၀၇ တပ်ရင်းက တစ်ချိန်တည်းတွင် တောကျွဲအင်းမြို့အရှေ့ဘက် ရွာသစ်ကျေးရွာအတွင်း သို့ ဒရုန်းဖြင့် ဗုံး ၃ လုံးကြဲချခဲ့ရာ ကျေးရွာနေ ဒေါ်ရင်ထွေး အသက် (၅၅) နှစ်မှာ ဦးခေါင်းထိမှန် သေဆုံးသွားသည် ဟု ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ထားသည်။

ဆောထိတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ
ကေအဲန်ယူ−ဆောထိမြို့နယ် အင်ဂနီကျေးရွာအနီးတွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၅၇)၊ ခြေမြန် တပ်ရင်း (ခမရ-၃၅၀)၊ (ခမရ-၃၄၉) စသည့် ပူးပေါင်းတပ်များနှင့်ဒေသတွင်း လုံခြုံရေး၊ ကာကွယ်ရေး တာဝန်များ ထမ်းဆောင်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အောက်တိုဘာ ၃ ရက်နေ့တွင်နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားချိန် မွန်းတည့် ၁၁ နာရီ ၄၅ မိနစ်ချိန်ခန့်တွင် စစ်ကောင်စီက အင်ဂနီ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းနေထိုင်သူ မအေးသီတာ ၂၃ နှစ် ကိုလက်နက်ကြီးစ ထိမှန် ဒဏ် ရာရရှိသွားသည်ဟု ကေအဲန်ယူ- ဗဟိုက သတင်းထုတ်ပြန်ထားသည်။

Photo: KNU

ကျောက်တံခါးသို့ ဈေးဝယ်သွားသူ ၂ ဦးကို ဖမ်းပြီး ကျပ် ၉ သိန်းဖြင့် ပြန်ရွေးရ
ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ သမင်အင်ကုန်းရွာသား ၂ ဦးသည် ကျောက်တံခါး မြို့ပေါ်သို့ ဈေးဝယ်သွားစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး ရဲစခန်းသို့ ပို့ဆောင်ကာ ကျပ် ၉ သိန်းဖြင့် ပြန်ရွေးခိုင်သည့် ဖြစ်စဉ် စက်တင်ဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် သမင်အင်ကုန်းရွာသား စောထီးမူးနှင့် နော်သဒါးဖောတို့ နှစ်ဦးကို စစ်ကောင်စီအမာခံ ရဲသတင်းပေးစောစိုးနိုင်ဝင်းဆိုသူက ကျောက်တံခါးရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ ချုပ်နှောင်ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

ထိုနောက် စောထီးမူးကို ပြန်လွှတ်ပေးခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့သို့ ရက်ချိန်းကာ ကျပ်ငွေ ၉ သိန်းဖြင့် နော် သဒါးဖောကို ပြန်လာရွေးခိုင်သည့်အတွက် ယခုလို ငွေပေးပြန်ရွေးခဲ့ရသည်ဟု သိရသည်။

ယခုလိုစစ်ကောင်စီက တပ်မဟာ ၃ နယ်မြေအတွင်း ဒေသခံများအား အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် နေသည့် ကိစ္စများနှင့်ပတ်သက်ပြီး ကျောက်ကြီးမြို့နယ်မှ ပြောရေးဆိုခွင့်ရှိ ပဒိုစောဝါးမူက ယခုလိုပြောဆိုသည်။

“စစ်တပ်က နယ်မြေအတွင်းမှ ဂိတ်တွေကိုပိုပြီးတော့ချလာတယ်။ ပြီးတော့ ဒေသခံပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးပြီးတော့ ငွေညှစ်တောင်းခံတာတွေကို ဆက်တိုက်လုပ်ဆောင်လာတယ်”ဟု ၎င်း ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ညောင်လေးပင်ခရိုင်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသတွင်း လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန် များထမ်းဆောင်နေသည့် ကေအဲန်ယူ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့သလို စစ်ဘေးရှောင်များ အများဆုံးရှိသည့် ခရိုင်တစ်ခု ဖြစ်သည်။