အောက်တိုဘာလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြန်မာတစ်နိုင်ငံလုံးရှိ အကျဥ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း ကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံရေး အကျဥ်းသူ(၂)ဦးအပါအဝင် အကျဥ်း သား (၁၂) ဦး သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် ( PPNM) က ယမန်နေ့ အောက်တိုဘာလ(၁)ရက် ထုတ်ပြန်ချက်အရ သိရသည်။
အကျဥ်းသားအခွင့်အရေးချိုးဖောက်မှုအပေါ် မကြာခဏဖော်ပြခံရသည့် ကျိုက်မရော၊ သထုံ၊ မကွေး၊ ကလေး၊ မန္တလေး(အိုးဘို)၊ ဒိုက်ဦး၊ သရက်နှင့် အင်းစိန် စသည့် အကျဥ်းထောင်များမှ နိုင်ငံရေး အကျဥ်းသား (၉) ဦး၊ အကျဥ်းသူ (၂) ဦးနှင့် ရဲစည်းကမ်းဖြင့်ဖမ်းဆီးခံထားရသည့် CDM ရဲဝန်ထမ်း အမျိုးသား(၁) ဦး စုစုပေါင်း (၁၂) ဦး တို့မှာ ထောင်တွင်း ဆေးဝါးမလုံလောက်ခြင်း၊ ဆရာဝန်မှ ပေါ့ဆခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားခြင်းတို့ကြောင့် အသက်သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။
ထိုသို့ နိုင်ငံရေးဖြင့်ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူများအတွက် ရပိုင်ခွင့်ချိုးဖောက်ရာ ရောက်သည့် အခြေအနေများအပေါ် အကျဥ်းဦးစီးဌာနများ ၊ ပြည်သူနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အလေး ထားဆောင်ရွက်မှု ရှိရန်လိုကြောင်း ထုတ်ပြန်ချက်နှင့်ပတ်သက်၍ PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“ထောင်တွင်း ဆေးဝါး ဆေးကုသမှု ရရှိရေးကို အခုလို မီဒီယာ၊ အဖွဲ့အစည်းကနေတဆင့် ကျနော်တို့ အမြဲတစေ ဆောင်ရွက်တယ်။ အထူးသဖြင့် ICRC အနေနဲ့ စစ်ကောင်စီကို လက်တွေ့ကျတဲ့ ဖိအား ပေးမှု တွေ ပြုလုပ်ပေးပါ။ အကျဥ်းထောင်တွေအတွင်းကို ဝင်ရောက်ကြည့်ရှုခွင့်ရရှိရေးကိုကြိုးစားသင့် တယ်လို့ မြင်ပါတယ်။ အဲဒီ အချိန်တစ်ခုရောက်အောင်လည်း ကျနော်တို့ အကောင်းဆုံး ကြိုးစားလုပ်နေပါတယ်။” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ထို့အပြင် ထောင်ဒဏ်(၆)နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံထားရသည့် သေဆုံးသူ နိုင်ငံရေး အကျဥ်းသူ၊ အကျဥ်းသားများအနက် စစ်ကောင်စီ၏ စစ်ကြေားရေးမှ ရရှိလာသော အတွင်းဒဏ်ရာများကို ကောင်းစွာကုသခွင့် မရရှိသဖြင့် သေဆုံးခဲ့ရသူများပါဝင်နေသလို ထောင်ဆေးရုံ များတွင်လည်း ဆေးဝါးရော၊ ဆရာဝန်ပါ မလုံလောက်သည့်အခြေအနေမျိုးဖြစ်သည်ဟု PPNM က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အတူ အရေးပေါ်ဆေးကုသမှုအတွက် ပြင်ပဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးခြင်းမရှိသဖြင့် သေဆုံးမှုများရှိသလို ထောင်အာဏာပိုင်များကလည်း နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားများကို ဖိနှိပ်မှု ပိုမိုပြုလုပ်လေ့ရှိကြောင်း ထောင်တွင်းအခြေအနေ လေ့လာစောင့်ကြည့်နေသည့် အရပ်ဖက်အဖွဲ့များထံမှ သိရသည်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီထံမှ မြန်မာနိုင်ငံရှိ ထောင်များအတွင်းဝင်ရောက်ကြည့်ရှုခွင့် မရတော့သည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)အနေဖြင့် ဖော်ပြပါဖြစ်ရပ်များနှင့် စပ်လျဉ်းပြီး ဝင်ခွင့်ပြန်ရရန် ၂၀၂၂ ခုနှစ်ကတည်းက ကြိုးပမ်းဆောင်ရွက်မှုများရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးပေ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ မှတ်တမ်းအရ စစ်တပ် အာဏာ သိမ်းချိန်မှစပြီး ယခု ၂၀၂၄ ခုနှစ်အထိ တော်လှန်ရေးတက်ကြွလှုပ်ရှားမှုနှင့် နိုင်ငံရေးတွင် ပါဝင်မှုတို့ကြောင့် အသက်သေဆုံးခဲ့ရသူစုစုပေါင်း (၅,၇၀၀)ကျော်ရှိလာပြီဖြစ်သည်။