Home သတင်း ကော့ကရိတ်၊ ကျုံဒိုးဒေသကို စစ်ကောင်စီ ဒရုန်းဖြင့်ကင်းထောက်ပြီးနောက် လက်နက်ကြီးပစ်

ကော့ကရိတ်၊ ကျုံဒိုးဒေသကို စစ်ကောင်စီ ဒရုန်းဖြင့်ကင်းထောက်ပြီးနောက် လက်နက်ကြီးပစ်

771

အောက်တိုဘာ ၉၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကောကရိတ်၊ ကျုံဒိုးဒေသ ကျေးရွာများကို စစ်ကောင်စီက ကင်းထောက် ဒရုန်းများဖြင့် ယခုရက်ပိုင်းအတွင်း ကင်းထောက်ပြီးနောက် လက်နက်ကြီးပစ်ခတ် ခြိမ်းခြောက်မှုပြုလုပ်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်များက အောက်တိုဘာ ၉ ရက်နေ့တွင် ပြောသည်။

ယခုလို ဒရုန်းဖြင့် ကင်းထောက်မှုကို နဘူးအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း၊ ခမရ-၅၄၇ အတွင်းမှ ဒရုန်း ပျံတက်လာပြီးနောက် ကျုံဒိုး တစ်ဝိုက် သန်းခေါင်စာရင်းကောက်နေသည့် အဖွဲ့များအား ဝေဟင်က ကင်းလှည့် ပေးနေသည့် သဘောမျိုးဖြစ်သည်ဟု ကျုံဒိုးစစ်ရေးသတင်းရင်းမြစ်က ယခုလို ပြောသည်။

“နဘူး ၅၄၇ တပ်ကကင်းထောက်ဒရုန်း တက်ပြီးထီဖိုးစံနဲ့ မြပတိုင်၊ နောင်တပွဲရွာထိပ်၊ ကော့ကလောင်ရွာသင်္ချိုင်း လမ်း အထိအပေါ်မှာအကြာကြီးရပ်ပြီး အောက်ကသွားလာနေတာကို ကင်းထောက်တယ်။ နောက်တော့ နဘူး စစ်တပ်ပတ်ခြာလည်ကို လှည့်ပြီးပျံတယ်၊ ပြီးတော့ကော့ညှိုင်းနဲ့ မုဆိုးကုန်းလမ်းဆုံကို ပျံလှည့်ပြီး ကျုံဒိုးဘက်က အင်းကြီး၊ ကျုံဘိုင်း၊ ချောင်းဖျားလမ်းဆုံအထိ သန်းခေါင်စာရင်းကောက် နေတဲ့အဖွဲ့တွေကိုကင်းထောက် ဒရုန်း ကလှည့်နေတယ်” ဟု ၎င်းက ပြောသည်။

ယခုလို နေပိုင်း ကင်းထောက်ပြီးနောက် ညပိုင်းတွင် ကျုံဒိုးရှိ စစ်ကောင်စီတပ်များ၊ လှိုင်းဝအမြောက်ကုန်းနှင့် ကော့ကရိတ် ခလရ-၉၇ တပ်များက လက်နက်ကြီးပစ်ခတ်မှု ပြုလုပ်လေ့ရှိသလို ကင်းပုန်းချခြင်းများလည်း ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

“သူတို့လက်နက်ကြီးကတော့ ရွာတွေဘက်ပုံမှန် ထုထုတ်နေတာဘဲ၊ အခုကရွာဘက်တွေကို သန်းခေါင်စာရင်း ကောက်ဖို့ကို ကပ်လို့မရဘူး ဖြစ်နေတယ်။ ကျုံဒိုး၊ ချောင်းဖျား နဘူးဘက်တော့ကောက်လို့ရတယ်။ စစ်ကြောင်း ကင်းထိုးပြီး ကောက်နေတာ၊ ထီဖိုးစံ၊ နောင်တပွဲ၊ သကြားချောင်း၊ နောင်ကိုင်း၊ ရန်ကုတ်၊ ဘက်တော့ကောက်ဖို့ ချောင်းနေတာပေါ့” ဟုထီဖိုးစံ ကျေးရွာသားတစ်ဦးက ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်များက ကျုံဒိုး၊ ကော့ကရိတ်၊ အာရှလမ်းသစ်နေရာတွင် စစ်ရေး လှုပ်ရှားမှု အရှိန်မြှင့်နေပြီး KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် ထိတွေ့ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ဖြစ် နေသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။