“အင်မတန်နက်ရှိုင်းတဲ့ပြဿနာကိုဖြေရှင်းဖို့ လမ်းရှာတဲ့ သဘောမှာပဲ ရှိပါသေးတယ်….” ပဒိုစောတောနီး
ကေအဲန်ယူပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့် တွေ့ဆုံမေးမြန်းခြင်း
အောက်တိုဘာလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ မြန်မာပြည်သို့ လာရောက်ပြီးနောက် မြန်မာ့ပဋိပက္ခ ဖြေရှင်းရေးအတွက် အဆိုပြုချက်များ ထုတ်ဖော်ပြောဆိုခဲ့ပြီး မြန်မာအရေးတွင် ကျော်မရ သည့် စည်းသုံးစည်းရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုနောက်ပိုင်း မြန်မာအရေး ဖြေရှင်းနိုင်ရေး အာဆီယံ အဝန်းအဝိုင်းတွင်လည်း စတင်လုပ်ဆောင်လာသည်ကိုတွေ့ရသည်။
ယခုလို နိုင်ငံတကာက ဖြေရှင်းရေးလမ်းစ ကြိုးပမ်းလာမှုအပေါ် မည်မျှထိရောက်နိုင်မည့်အပေါ် ကေ အဲန်ယူ ပြောခွင့်ရဖြစ်ပြီး နိုင်ငံခြားရေးဌာနတာဝန်ခံလည်း ဖြစ်သူ ပဒိုစောတောနီးနှင့် ကေအိုင်စီက တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။
မေး။ ။ ဒီဇင်ဘာလထဲမှာ ထိုင်းနိုင်ငံက ဦးစီးပြီးမြန်မာ့အရေးဆွေးနွေးပွဲလုပ်မယ့်အပေါ် KNU အနေနဲ့ ဘယ်လို သဘောထားရှိလဲ။
ဖြေ။ ။ အဲ့ဒါလည်း အရေးပါတဲ့အချက်တစ်ချက်ပဲ။ ဒါပေမဲ့အဲ့ဒီအချက်တစ်ချက်က ကျနော်တို့ ရပ်တည် ချက်နဲ့ မလွဲဖို့ ကိုယ့်ဖက်က ခိုင်ခိုင်မာမာရပ်တည်ဖို့လည်း လိုတာပေါ့နော်။ ဘာဖြစ်လို့ လည်းဆိုတော့ လူတစ်ယောက်နဲ့ တစ်ယောက်တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရှုမြင်ပုံအရကွဲပြား နေကြတဲ့အပေါ်မှာ ဒီပြဿနာကို ကျနော်တို့ဝိုင်းဝန်းဖြေရှင်းမှ ရတော့မယ်ဆိုတာ သူတို့မြင်လာတယ်။ ခုနက ပြောသလို ပြည်တွင်းမှာဆိုရင် လွှတ်ထားတဲ့ဟာမျိုးပေါ့၊ သူတို့ မမြင်တော့ဘူးဆိုတာ ရှင်းလာပြီး။
နောက်တစ်ချက်က အရင်တုန်းက လုံးဝမဖြစ်နိုင်တဲ့ နယ်စပ်ဖြတ်ကျော်ပြီးတော့ အကူညီပေးတယ်ဆို တာ ဘယ်သူမှ မစဉ်းစားဖူးဘူး။ ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ လုပ်လာတာပဲ။ တော်တော်များက အာဆီယံထဲမှာလည်း စကားစပြောလာပြီး။ အရင်တုန်းကမပြောဘူး။ ဒါကတကယ့် အထိမခံတဲ့ ပြဿနာတစ်ခု အကြောင်း တစ်ခုပဲ။ နောက်ပြီးတော့ အားလုံးအသံနားထောင်ပြီးတော့ ဖြေရှင်းရ မယ်ဆိုတာ သူတို့ပြောလာ ပြီးလေ။ အားလုံးအသံ နားထောင်မယ်ဆို တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အသံကိုလည်းနားထောင် ရမယ်ဆိုတာ ရှင်းလာပြီး။
ဘာပဲဖြစ်ဖြစ် ဒီလိုအနေအထားမျိုးက အထူးသဖြင့် ကျနော်တို့အိမ်နီးနားချင်းနိုင်ငံတွေက ဒီလိုနား လည်လာပြီး ဆိုတော့ တခြားအိမ်နီးနားခြင်းနိုင်ငံတွေကလည်း နားလည်လာဖို့လိုတယ်။ ဒီအသံတွေ အားလုံးနားထောင်ဖို့ လိုတယ်။ စစ်ကောင်စီ တစ်ဖက်တည်းကိုပဲ သွားဖိပြီးဖို့ပြီးတော့ ပုံအောပြီးတော့ ကူညီတာထက် အားလုံးအသံကို နားထောင်ပြီးတော့ ပြဿနာဖြေရှင်းရင်ပိုပြီးတော့ ထိရောက်နိုင်တယ်လို့ ကျနော်ပြောချင်တယ်။
မေး။ ။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်ဖို့ တွန်းပို့နေကြတဲ့အပေါ် KNU ဘက်က ဘယ်လိုရှုမြင်လဲ။
ဖြေ။ ။ အထူးသဖြင့် တွေ့ဆုံဆွေးနွေးပွဲတွေဆိုတာ တော်တော်သတိထားရမယ့်ကိစ္စတစ်ခုဖြစ်တယ်။ အဓိကက ကိုယ့်ရဲ့ ရည်မှန်းချက် ကိုယ့်ရဲ့မျှော်မှန်းချက်တွေကို မျက်ခြေမပြတ်ဖို့လိုတယ်။ ဆိုတော့ဘာပဲ ကမ်းလှမ်းလာတဲ့အပေါ် တွေ့ဆုံဆွေးနွေးပွဲတွေက ကျနော်တို့ရှောင်ပြီးငြင်းလို့လည်း မရဘူး။ ငြင်းရင် ပြဿနာတက်မှာက ကိုယ်တိုင်ပဲ။ တော်တော်လေး အမြင်ကျဉ်းမြောင်းတယ်။ ဒီဟာက စွပ်စွဲချက်တစ်ခု အနေနဲ့ ကိုယ့်ကို ပြန်ပြီးပတ်နိုင်တဲ့ အနေအထားမှာ ရှိနေတဲ့အတွက်။
ဘာပဲဖြစ်ဖြစ် အကောင်းဘက်က ကြိုဆိုတယ်ဆိုပေမယ့်လို့ ကျနော်ကတော့ သတိရှိရှိနဲ့ပဲ ကြိုဆိုမှာပဲ။ ဒီအတိုင်းမျက်စိမှိတ်ပြီး ကြိုဆိုမှာမဟုတ်ဘူး။ ပြဿနာတိုင်း ပြဿနာတိုင်းက ကျနော်တို့ သေသေ ချာချာစိစစ်ပြီးတော့ ဘယ်လိုလုပ်သင့်လည်း ကျနော်တို့ရဲ့ မူဝါဒအတိုင်းရပ်တည်ပြီးတော့ သေချာစိစစ် ပြီးတော့ လုပ်စရာရှိတာကို လုပ်တယ်။ တစ်ဖက်မှာလည်း ကျနော်တို့တော်လှန်ရေးက ရပ်ထားလို့ မရဘူး။ လုပ်စရာရှိတာ လုပ်ရမယ်။ တော်လှန်ရေးက စစ်ရေးနည်းအရ ဆက်လုပ်စရာရှိတာ လုပ်သွား မယ်။ ဘယ်နိုင်ငံကပဲ လာပြီးတားတား ငါတို့ကိုရပ်ထားလို့ ဘယ်လိုမှ မရဘူး။ ဒီနေ့ဖြစ်ပေါ်နေတဲ့ တော်လှန်ရေးက ဘယ်လိုနည်းနဲ့မှ ရပ်ထားလို့မရဘူး။
ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ဖြစ်သန်းလာခဲ့တဲ့နှစ် ၇၀ ကျော်အတွင်းမှာ တိုင်းပြည်မှာ လူဦးရေ အများဆုံး ဖြစ်တဲ့ ဗမာလူမျိုးလိုကိုယ်တိုင်က တော်လှန်ရေးကို ထဲထဲဝင်ဝင် ပါဝင်နေပြီးနောက်မှာ ကျနော်တို့ ပြောစရာကို မရှိတော့ဘူးဆိုတော့ အဲ့ဒီအပိုင်းမှာတော့ တော်လှန်ရေးကို ရပ်အောင်လုပ်မယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးရအောင်ဆိုပြီးတော့ တော်လှန်ရေးအကုန်လုံးကို ရပ်အောင်လုပ်မယ်ဆိုတဲ့ စစ်ကောင်စီဘက်ကို သွားပုံအောပြီး လုပ်တဲ့ဟာမျိုးတွေကဘယ်လိုမှ မအောင်မြင်နိုင်ဘူးလို့ ကျနော်ရှင်းရှင်းလင်းလင်းပြောရမှာပဲ။
မေး။ ။ မြန်မာ့နိုင်ငံရေး၊ စစ်ရေးအကြပ်အတည်းတွေကို အဖြေရှာဖို့ အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မလဲ။
ဖြေ။ ။ အကောင်းဆုံးနည်းလမ်းကိုပြောရမယ်ဆိုလို့ရှိရင် ပထမအချက်ကတော့ စစ်ကောင်စီ ပြောပြော နေတဲ့ တွေ့ဆုံဆွေးနွေးပွဲက လုံးဝအလုပ်မဖြစ်ဘူးဆိုတာကတော့ ရှင်းတယ်။၂၀၀၈ ပေါ်မှာအခြေခံထား တဲ့ဟာဘယ်လိုမှကိုရလဒ်ကောင်း မထွက်လာနိုင်ဘူး။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရလဒ် ကိုဘယ်လိုမှ မဆောင်ကြဉ်းနိုင်ဘူး။ ဘာလို့လည်းဆိုတော့ ဒါက သူ့ယာယီထွက်ပေါက်အတွက် ကြိုးပမ်းနေတာပဲဖြစ်တယ်။ အဲ့ဒါကိုတော့ ကျနော်တို့ ဘယ်လိုမှလုပ်လို့မှ လုပ်လို့မရဘူး။
ဘယ်နည်းလမ်း အကောင်းဆုံးလည်းဆိုတော့ ကျနော်တို့ပြောနေတဲ့ ခိုင်မာတဲ့ရပ်တည်ချက်ရှိတယ်။ တွေ့ဆုံဆွေးနွေးပွဲဆိုတာ ဘယ်တော့မှ မငြင်းဘူး။ ကျနော်တို့ လုပ်မယ်။ ဒါပေမဲ့ လုပ်ရမယ့် အခြေခံ ကတော့ ကိုယ့်ရဲ့ ရပ်တည်ချက်ကို နိုင်ငံတကာက တဖြည်းဖြည်းနားဝင်လာအောင်၊ ရပ်တည် ချက် ကိုပိုပြီး သတိပြုမိလာအောင် ဆက်လုပ်မယ်။ လုပ်နေတဲ့အတွင်းမှာ ကျနော်တို့ကဆက်ပြီးတော့ တွန်းနေရမယ်။ တော်လှန်ရေးကို ရပ်ထားလို့ မရဘူး။
တော်လှန်ရေးကို ဘယ်လိုအကြောင်းကြောင့်နဲ့မှ ရပ်ထားလို့မရဘူး ဆိုတာ၊ ကျနော်တို့ ကောင်း ကောင်းကြီး ယုံကြည်တဲ့အပေါ်မှာ အဓိကခံယူချက် ၃ ချက်က စစ်တပ်က နိုင်ငံရေးထဲက လုံးဝစွန့်ခွာရ မယ်။ အဲ့ဒီစွန့်ခွာတယ်ဆိုတာ နိုင်ငံရေးတစ်ခုတည်းကို ပြောတာမဟုတ်ဘူး။ အုပ်ချုပ်ရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဝင်မရှုပ်နဲ့ ခင်ဗျားတို့ဝင်ရှုပ်လို့ တိုင်းပြည်က ဒီလောက်ပျက်နေတာ။ အဲ့ဒါကြောင့် စစ်တပ်ကိုပြုပြင် ပြောင်းလဲရေး လုပ်တာတွေကိုခင်ဗျားတို့ခံယူ။
ဒုတိယအချက်က ခင်ဗျားတို့ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်ကို ထူထောင်မယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခင်ဗျားတို့ရဲ့ ၂၀၀၈ ဥပဒေနဲ့ ဘာမှလာပြောစရာမရှိဘူး။ ခင်ဗျားတို့လက်ခံ။ နောက်ဆုံးအချက်ဖြစ်တဲ့ ကျူးလွန်ခဲ့သမျှ ဒါတွေကတော့ တစ်ခုချင်းစီပြန်ရှင်းရမယ်။ တာဝန်ခံမှုဆိုတာ ခင်ဗျားတို့နေ့တိုင်း ဗုံးသွားကြဲတယ်။ လူသတ်တယ်။ ဒီနှစ် ၃ နှစ်အတွင်းမှာ လူငါးထောင်နဲ့အထက် မကဘူးသတ်တာ။ လူနှစ်သောင်းကျော် ထောင်ထဲမှာ အကျဉ်းချထားတယ်။ အိုးမဲ့အိမ်မဲ့ ၃ သန်းကျော် ဖြစ်တယ်။ နောက်ပြီးတော့ မီးရှို့လိုက်တာလည်း တစ်သိန်းနီးပါးဆိုတော့ ဘယ်လိုမှခွင့်လွှတ်နိုင်စရာ အကြောင်းမရှိတော့ဘူး။ ဒီဟာတွေကို လက်ခံပြီး တွေ့ဆုံ ဆွေးနွေးမယ်ဆိုရင်တော့ အဖြေတစ်ခုရမယ်။ ဒါမှမဟုတ် သူတို့လက်မခံဘူးဆိုရင်တော့ ကျနော်တို့ ဒီတော်လှန်ရေးကို ဆက်လုပ်သွားဖို့ပဲ ရှိတယ်။
မေး။ ။ ဒါဆိုရင်မြန်မာနိုင်ငံရဲ့ လက်ရှိအခင်းအကျင်းအရ အိမ်နီးချင်းနိုင်ငံတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိလာမလဲ။
ဖြေ။ ။ တစ်အချက်ကျနော်ပြောချင်တာကတော့ အထူးသဖြင့် ကျနော်တို့ကိစ္စ အထူးသဖြင့် နိုင်ငံတကာ တွေက ပြောတယ်။ ဒါပြည်တွင်းရေးပါ၊ ဝင်ပြီးစွက်ဖက်စရာမလိုဘူး။ ခင်ဗျားတို့ ပြော ပြောနေတဲ့ ပြည်တွင်းရေးကသေချာ မရှင်းလို့ ဒီအခြေအနေထိရောက်လာတာ။ ပြည်တွင်းရေးကို ဒီ အတိုင်းလွှတ် ထားမယ်ဆိုရင် ဒီအိမ်နီးချင်းနိုင်ငံတွေမှာ လူသိန်းသန်းနဲ့ချီ ထွက်ပြေးနေရတဲ့ဟာတွေ တိုင်းပြည်မှာ ဗရုတ်သုတ်ခတွေဖြစ်ပြီး လူတွေထွက်ပြေး နေရတယ်။ သုံးသန်းကျော်ဆိုတာက အဲ့ဒါတွေကဆက်ပြီး တော့ ဖြစ်ရင် ဘယ်သူ့ကိုလာပြီးတော့ ပတ်မလဲ၊ ကိုယ့်ပြည်တွင်းထဲမှာ လာပတ်တာမဟုတ်ဘူး။
အိမ်နီးနားနိုင်ငံတွေပါ အကုန်လုံးဒုက္ခရောက်ကုန်မှာ ဒီဟာတွေက ဘေးနားမှာရှိတဲ့ အိမ်နီးနားချင်း တွေက ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရတော့မှာ။ အဲ့ဒါကြောင့် ကျနော်ပြောချင်တာက ဒါပြည်တွင်းရေး မဟုတ်ဘူး။ ပြည်တွင်းရေးကနေ ဒေသအရေးဖြစ်လာတယ်။ ဒေသအရေးကို သေချာမရှင်းနိုင်ဘူးဆိုရင် ဒါကမ္ဘာအရေး ဖြစ်သွားပြီး ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့တိုင်းပြည်က တကယ့်မဟာဗျူ ဟာကျတဲ့ နေရာမှာရှိတယ်။
ကမ္ဘာရဲ့မဟာဗျူဟာရှိတဲ့နေရာရဲ့အပေါ်မှာတော့ အင်အားကြီး နိုင်ငံတွေရဲ့ တကယ့်မျက်လုံး ဒေါက်ထောက်ကြည့်နေတဲ့ နေရာတစ်ခုမှာ သေချာရှိတဲ့အပေါ်မှာတော့ ပြဿနာကို သေသေချာချာ ရှင်းဖို့တော့ လိုတယ်။ မရှင်းဘူးဆိုရင် ဒီပြဿနာက ကမ္ဘာပြဿနာဖြစ်သွားလိမ့်မယ်။ အဲ့ဒါကြောင့်မို့ ကျနော်ပြောချင်တာကတော့ အင်အားကြီးနိုင်ငံပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကမ္ဘာကြီးပျက်အောင် လုပ်ဖို့ကတော့ ဘယ်သူမှ စိတ်ထားရှိမှာ မဟုတ်ဘူး။
အဲ့ဒီအတွက်ကြောင့် ကိုယ့်အိမ်နီးနားချင်း နိုင်ငံတွေက ညှိနှိုင်းစရာရှိတာ ညှိနှိုင်းရမှာပဲ။ ဘယ်အင် အားကြီး နိုင်ငံပဲပြောပြော သူတို့ကတွေ့ဆုံဆွေးနွေးပွဲပြောတာပဲ၊ ကဲတွေ့ဆုံဆွေးနွေးပွဲပြောရင် ဘယ်လိုတွေ့ဆုံဆွေးနွေးပွဲ ပြောကြမလဲဆိုတာ အင်အားကြီးနိုင်ငံအချင်းချင်းလည်း ညှိကြဖို့လိုတယ်။ ဆိုတော့ ကျနော်တို့ကဘယ်လိုမှ အပျက်အစီးမခံချင်ကြဘူးလေ။ အဲ့လိုမှမဟုတ်ဘဲနဲ့ ဒီအတိုင်း ပြည်တွင်းရေးပါဆိုပြီး လွှတ်ထားရင်ဒီထက်ပိုဆိုး လိမ့်မယ်။ ဒီပြည်တွင်းရေးပါလို့ပြောတဲ့ဟာက စစ်ကောင်စီလက်ထဲကို အပ်လိုက်သလိုပဲ ။ စစ်ကောင်စီကြောင့်သာ တိုင်းပြည်က ဒီလောက်အထိ ပျက်စီးနေတာ။ အဲ့ဒါကြောင့် ဒီအမြင်မျိုးကိုပြောင်းဖို့လိုပြီးဆိုတာဒီကနေ ပြောချင်တယ်။
မေး။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ အင်ဒိုနီးရှားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးဘာတွေ ထူးခြားမှုရှိခဲ့လဲ။
ဖြေ။ ။ သိုသိုသိပ်သိပ်နဲ့ လုပ်သွားတဲ့အနေအထားမှာပဲရှိပါတယ်။ သတင်းဌာန တော်တော်များများ ဖော်ပြလာတယ်။ တော်တော်များများက မေးလာတဲ့ အနေအထားမှာရှိတော့ ထိုက်သင့်သလောက်တော့ ကျနော်တို့ပြောပြရမယ့်အနေအထားမှာ ရှိတာပေါ့လေ။ အထူးသဖြင့် မြန်မာအရေးနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့အတွက် နိုင်ငံတကာက လိုအပ်လာတဲ့အပေါ်မှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အထူးကိုယ်စလှယ်ရော အထူးသံတမန်တွေရော၊ နောက်ပြီးတော့ UK နိုင်ငံရဲ့အထူးကိုယ်စားလှယ်တွေရော အမေရိကန်နိုင်ငံရယ် နောက်ပြီးတော့ နော်ဝေးနိုင်ငံရယ်၊ ဂျပန်တို့ အိန္ဒိယတို့ သူတို့ကိုယ်စားလှယ်တွေ လွှတ်တာတွေရှိတယ်။
ဒါပေမဲ့ ဒါကတော့အလုပ်သဘောအရ ဆွေးနွေးရတာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ပြောရမယ်ဆိုရင် သတင်းဌာနမှာလည်း ဖော်ပြထားတယ်။ ဒါက ဒီလိုဒီလိုတော့ ခြေလှမ်းတွေစနေပြီး နောက်တစ်ခု ကဘာလည်းဆိုတော့ အခုမှလုပ်တာ မဟုတ်ဘူး။ အထူးသဖြင့် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ တနှစ်လုံးတော်တော်လေးကိုကြိုးစားခဲ့တဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဒါကလည်း အဲ့ဒါရဲ့အဆက်လို့ ပြောလို့ရတယ်။
လက်ရှိမှာကတော့ အာဆီယံနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့နှစ်မှာ သူတို့ဆုံးဖြတ်ချက်ချပြီးတော့ လက်ရှိ ဥက္ကဋ္ဌရယ်၊ အနာဂတ်မှာ ဖြစ်လာမယ့်ဥက္ကဋ္ဌရယ်၊ နောက်ပြီးတော့ ပြီးခဲ့တဲ့နှစ်က ဥက္ကဋ္ဌရယ် အဲ့ဒီသုံး ယောက်စလုံး ပေါင်းပြီးတော့ အလုပ်လုပ် သွားရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကျတယ်။ အဲ့ဒါသူတို့ ဆက်လုပ်သွားရမယ့် အပိုင်းမှာရှိပါတယ်။
မေး။ ။ ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂလည်း ပါဝင်ခဲ့တယ်ဆိုတော့ ဘာအကြောင်းအရာတွေကို အဓိက ဆွေးနွေးခဲ့တာလဲ။
ဖြေ။ ။ အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌအနေနဲ့ တာဝန်ယူတဲ့အခါမှာ သူကအတတ် နိုင်ဆုံးကြိုး စားချင်တယ်။ အဖွဲ့ပေါင်းစုံနဲ့ထိတွေ့ပြီးတော့ အသံပေါင်းစုံနားထောင်ထားတာပေါ့နော် ၊ ဆိုတော့ သူက လက်ရှိ ဥက္ကဋ္ဌ မဖြစ်တော့ဘူးဆိုပေမယ့် အလုပ်ဆက်လက်လုပ်နေဆဲပဲ ဆိုတာပြောလို့ ရတယ်။ အဲ့ဒီအပိုင်းမှာကတော့ တော်လှန်ရေးအဖွဲ့အစည်းက ကျနော်တို့အပါအဝင် တခြားပါတဲ့ ကရင်၊ ကရင်နီ၊ ချင်း၊ နောက်ပြီးတော့ ပြည်တွင်းထဲက အဖွဲ့တွေဖြစ်တဲ့ RCSS လည်းပါတယ်။
တချို့အဖွဲ့တွေ ကထုတ်ပြောပြီးတော့ သတင်းဌာနတွေမှာ ကျနော်တို့တက်ရောက်ခဲ့ ပါတယ်လို့ ပြောပြီးသား။ ကျနော်တို့ကျတော့ မပြောဘူး။ ဒါပေမဲ့ ဒီအချိန်ဒီကာလမှာ ပြည်သူလူထုကို သိသင့်တာလေးတော့ ပြောသင့်တယ်။ ဘာတွေဆွေးနွေးလည်းဆိုကတော့ ပစ်ခတ်တဲ့ အင်မတန်နက်ရှိုင်း တဲ့ပြဿနာကို ဖြေရှင်းဖို့ လမ်းရှာတဲ့ သဘောမှာပဲ ရှိပါသေးတယ်။ ကျနော်တို့ တွန်းရမယ် ကျနော်တို့ ရင်ဆိုင်နေတဲ့ရန် သူက လွယ်လွယ်ကူကူနဲ့ အရှုံးပေးမှာလည်း မဟုတ်ဘူး။ နောက်ပြီးတော့ စစ်အာဏာရှင်စနစ်ကိုလည်း စွန့်လွှတ်မှာ မဟုတ်ဘူးဖြစ်တဲ့အတွက် ကျနော်တို့ကတော့ နည်းလမ်းပေါင်းစုံနဲ့ ဆက်သွားရမယ့် အပိုင်းမှာရှိတယ်။ ဘာတွေ ဆွေးနွေးသွားလည်းဆိုတာကတော့ ဆက်သွားမယ့် အပိုင်းတွေ အများကြီးရှိသေးတာပေါ့နော်။