Home သတင်း အစိုးရဖွဲ့ရေး ဘုံသဘောထား ၄ ရပ် မွန်တော်လှန်ရေးအင်အားစုများ ထုတ်ပြန်

အစိုးရဖွဲ့ရေး ဘုံသဘောထား ၄ ရပ် မွန်တော်လှန်ရေးအင်အားစုများ ထုတ်ပြန်

641
Photo: Crd.

စက်တင်ဘာ ၂၁၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မွန်ပြည်သူ ကိုယ်စားပြု အစိုးရတစ်ရပ် ဖွဲ့စည်းရေး အပါအဝင်ဘုံသဘောတူညီချက် ၄ ရပ်ကို မွန်လူငယ်နှင့် မွန်ပြည်နယ်တော်လှန်ရေးအင်အားစု စုစုပေါင်း ၁၁ ဖွဲ့က ယခုလ အတွင်း ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအပြီး စက်တင်ဘာ ၂၀ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်လိုက်သည်။

အနာဂတ်မွန်ပြည်တည်ဆောက်ရာတွင် ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဥ်များအတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးနှင့် ချမှတ်ထားသည့် ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်နိုင်ရေးကို ရည်ရွယ်၍ အဆိုပါ ဘုံသဘောထား ၄ ရပ်ကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု မွန်အင်အားစုများက ပြောသည်။

“တော်လှန်ရေးထဲမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်း ၁၁ ဖွဲ့က မွန်လူငယ်တွေ ရလာတဲ့ သဘောတူညီချက်ကို အခြေခံပြီးတော့ ကော်မတီတစ်ရပ် အရင်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ အနာဂတ်မှာ တည်ဆောက်ရေးအတွက် လက်တွေ့ကျတဲ့ ချိတ်ဆက်ဆောင်ရွက်မှုအပြင် မွန်ပြည်အတွင်းမှာရှိနေတဲ့ တခြားလူမျိုးစုက လူငယ်တွေ အားလုံးနဲ့ တွေ့ဆုံပြီး အတူတကွ ပူးပေါင်းဆောင်ရွက် နိုင်ဖို့ ဆက်ကြိုးစားသွားပါမယ်” ဟု မွန်ပြည်ဖက်ဒရယ် ကောင်စီ(MSFC)၏ ပြောရေးဆိုခွင့် ရှိသူက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဘုံ သဘောထား ၄ ရပ်၌ မွန်ပြည်လူထုကိုယ်စားပြု အစိုးရဖော်ဆောင်ရန်၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုအသွင်မှ တပ်ပေါင်းစုအသွင်သို့ ပူးပေါင်းဆောင်ရွက်ရန်၊ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ကို ဆန့်ကျင်ရန်၊ မွန်နှင့်ထိစပ်နယ်မြေများတွင် လူသားချင်းစာနာမှုအကူအညီများအတွက် စနစ်တကျပူးပေါင်း ချိတ်ဆက်သွားရန် စသည်တို့ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့သည့် ထိုတွေ့ဆုံဆွေးနွေးပွဲသို့ MSFC- လူငယ်ကိုယ်စားလှယ် အဖွဲ့ အပါအဝင် လက်ရှိ မွန်ပြည်နယ်အတွင်း စစ်ကောင်စီကို ပူးပေါင်းတိုက်ပွဲဖော်ဆောင်လျက်ရှိသည့် မွန်ပြည် တော်လှန်ရေးတပ်-MSRF၊ မွန်ပြည်ကာကွယ်ရေးတပ်- MSDF၊ ရေးပြောက်ကျားတပ်နှင့် ကျောင်းသားအစု အဖွဲ့ များ၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း-HURFORM၊ အမည်မဖော်လိုသူ အစုအဖွဲ့စသည့် ၄ ဖွဲ့ပါဝင်တက် ရောက် ခဲသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မွန်ပြည်၏ နိုင်ငံရေး၊ စစ်ရေးနှင့် လူသားချင်းစာနာမှုအခြေအနေများ၊ အာဏာရှင်စနစ်ပျက်သုဥ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် မွန်တော်လှန်ရေးအစုအဖွဲ့များအကြား ချိတ်ဆက်မှုပိုမို အား ကောင်းအောင် မြှင့်တင်ပေးနိုင်ရေးစသည်တို့ကို ဆွေးနွေးပွဲ၌ အလေးပေးဆွေးနွေးခဲ့သည်။

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ချိန် မွန်ပြည်နယ်အတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ အမျိုးသား ညီညွှတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ၊ မွန်တော်လှန်ရေး အင်အားစုများပူး ပေါင်းသည့် စစ်ရေးလှုပ်ရှားမှုမှာ တစ်စထက်တစ်စ ကျယ်ပြန့်လာခဲ့သည်။

ထို့အပြင် နိုင်ငံရေးလှုပ်ရှားမှုကဏ္ဍ၌ မွန်ပြည်နယ်အပါအဝင် ပြည်နယ်ကိုယ်စားပြု၊ လူမျိုးကိုယ်စားပြု ကော်မတီ၊ အစုအဖွဲ့များနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း(EROs)များ ပူးပေါင်း၍ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းမူကို ကိုင်စွဲလျက် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု စက်တင်ဘာ ၉ ရက် နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။