Home သတင်း အာရှလမ်း ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက အမြောက်လက်နက်ကြီးပစ်ကူဖြင့် ထိုးစစ်ဆင်

အာရှလမ်း ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက အမြောက်လက်နက်ကြီးပစ်ကူဖြင့် ထိုးစစ်ဆင်

994
Photo: Crd.

စက်တင်ဘာ ၂၁၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီ-ကော့ကရိတ် အာရှလမ်း၊ ဒေါနတောင်ကျော်လမ်းဟောင်းနှင့် သင်္ဃန်းညီနောင်၊ ကွင်းကလေး၊ ထီးမူထ ကျေးရွာများဘက်သို့ နေ့ရောညပါ အမြောက်လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်နေသည်ဟု စက်တင်ဘာ ၂၁ ရက်နေ့တွင် စစ်ရေးနယ်မြေ သတင်းရင်းမြစ်က ပြောသည်။

“ကော့ကရိတ် ၉၇ တပ် နေပူခံအမြောက်ကုန်း၊ လှိုင်ဝအမြောက်ကုန်းတွေကနေ ဒေါနတောင်ကျာ်ပြီးတော့ ကွင်းကလေး၊ ထီးမူးထရွာဘက်အထိ ပစ်ထုတ်ချတယ်၊ အာရှလမ်း၊ လမ်းဟောင်းဘက်လည်း ပစ်ထုတ်တယ်၊ အောက်ကမြေပြင် အောင်ဇေယျစစ်ကြောင်းက တောတိုးပြီးတက်တက်လာတယ်။ ပူးပေါင်းအဖွဲ့တွေက ဖြတ်တိုက်နေတော့ ရှေ့တိုးလို့ မရသေးဘူး၊ စစ်သားသစ်တွေ ဖားအံကနေပို့လိုက် တောင်ပေါ်တက်လာလိုက် ဘဲ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ယခုလဆန်းပိုင်းမှစ၍ စစ်ကောင်စီက ကျုံဒိုး၊ ကော့ကရိတ်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ လက်နက် ကြီးဖြင့် ခြောက်လှန့် ပစ်ခတ်မှုမျိုးလုပ်ဆောင်နေသည်ဟု ဒေသတွင်းရှိ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဒေသတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLAနှင့် PDF ပူးပေါင်း အဖွဲ့များ စစ်ရေးလှုပ်ရှားမှု မပြုလုပ်နိုင်ရေးအတွက် BGF တပ်ဖွဲ့ဝင်တစ်ချို့၊ DKBA တပ်ဖွဲ့ဝင်တစ်ချို့နှင့် စစ်ကြောင်းပတ် နယ်မြေစိုးမိုးထား သည်ဟု အဆိုပါတပ်ဖွဲ့နှင့် နီးစပ်သူ သတင်းရင်းမြစ်က ပြောသည်။

“စစ်တပ်က ဂျိုင်းတံတားကနေ အကုန်ပိတ်ဆို့ပြီး ကျုံဒိုးဘက်ရွာတွေကနေ ကော့ကရိတ် ကိုးတိုင် တောင်ကြာ အင်း အထိအကုန်လုံး စစ်တပ်၊ BGF အချို့၊ DKBA အချို့ ၊ ငြိမ်းချမ်းကောင်စီ(PC) အဖွဲ့တွေ ပေါင်းပြီးနယ်မြေ ထိမ်းထားတာမျိုးလုပ်ထားတယ်။ ပြီးတော့မှအာရှလမ်း တောင်ပေါ်ဘက်ကို ဖိပြီးတိုက်နေတယ်၊ ညီနောင်ဗျူဟာ အထိရအောင်တိုက်ခိုင်းနေတယ်၊ လေယာဉ်လည်း ဘယ်နေ့ကြဲမလဲတော့မသိဘူး၊ နေ့တိုင်းကင်းထောက်ပတ်ပျံ နေတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယခုလအတွင်း စစ်ကောင်စီက ဖားအံနှင့် မော်လမြိုင်မြို့ဘက်မှ စစ်ကူနှင့် လက်နက်ခဲယမ်းများကို ဒေသတွင်း အပစ်ရပ် လက်နက်ကိုင် အဖွဲ့များ၏ ဆက်ဆံရေးရုံးလက်အောက်ခံ ကုန်ကားများ၊ ခရီးသည်တင်ကားများဖြင့် ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီမြို့နှင့် စစ်တပ် စစ်ကြောင်းရောက်ရှိရာ ကျေးရွာများဘက်သို့ သယ်ယူပို့ဆောင် ပေးမှု များရှိသည်ဟု မျက်မြင်တွေ့ရှိသူ သတင်းရင်းမြစ်က ပြောသည်။