Home သတင်း ပြုံးပန်းဝေတဲ့ ပြည်သူတွေ (အယ်ဒီတာ့ အာဘော်)

ပြုံးပန်းဝေတဲ့ ပြည်သူတွေ (အယ်ဒီတာ့ အာဘော်)

513

(အယ်ဒီတာ့ အာဘော်)

ပြုံးပန်းဝေတဲ့ ပြည်သူတွေ

ပြည်သူတို့၏ လူမှုနေ့စဉ်ဘဝများထဲတွင် လွှမ်းခြုံနေသည့် စစ်ပွဲပဋိပက္ခ သတင်းများ၊ စစ်အနိဌာရုံမြင်ကွင်းများ၊ နိုင်ငံ ရေး၊ စစ်ရေး အကျိုးဆက်ကြောင့် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှု တဖန်ရာသီဥတုဆိုးရွားမှု စသည့်အခက်အခဲမျိုး စုံနှင့် ရင်ဆိုင်နေရလင့်စကား ပြည်သူတို့၏ ပြုံးပန်းဝေချိန်လည်း ဩဂုတ်လအတွင်း မြင်တွေ့ခဲ့ရသည်။

ဩဂုတ်လဆန်းပိုင်းအတွင်း မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်မြို့ကို တော်လှန်ရေးတပ်တို့သိမ်း ယူချိန်၊ တဖန် ဩဂုတ်လကုန်ပိုင်းတွင်လည်း သပိတ်ကျင်းမြို့တို့ကို သိမ်းယူပြီးနောက် မြို့တွင်းလှည့်လည်သွားလာနေ သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို မြို့ခံ ရဟန်းရှင်နှင် အလွှာစုံပြည်သူတို့က ပြုံးပျော်ကာ သပြေ၊ ပန်းခက်များနှင့် ကမ်းလင့်ကြိုဆိုနေပုံများ လူမှုကွန်ယက်စာမျက်နှာများတွင် အများအပြားတွေ့ရှိရသည်။

စစ်ကောင်စီက အကြမ်းဖက်အဖွဲ့ဟု ကြေငြာထားသည့် PDF နှင့် တော်လှန်ရေးအဖွဲ့တို့ကို အဘယ်ကြောင့် မြို့ခံရဟန်း ရှင်၊ အလွှာစုံပြည်သူတို့ ပြုံးပန်းဝေ ကြိုဆိုကြသနည်းဟု မေးခွန်းထုတ်လျင် စစ်အာဏာရှင်ကို မလိုလား၊ တွန်းလှန်စစ် ကို အားပေးသည့်သဘောဆိုသည်မှာ ပြည်သူများ၏ ရင်တွင်းအသိ ဖြစ်လာခဲ့ပေပြီ။

ဆင်းရဲတွင်းနက်နေသည့် တိုင်းပြည်၏ ဘဏ္ဍာငွေအများစုကို စစ်အသုံးစရိတ်အဖြစ် သုံးစွဲခဲ့ပြီး ထိုအထဲမှ ပြည်သူလူထု အား စိတ်ဓာတ်စစ်ဆင်ရေး (ဆိုက်ဝါး) အတွက် ငွေကြေးများစွာ သုံးစွဲကာ ပြုလုပ်နေသော်လည်း စစ်ကောင်စီ၏ စစ်ဓာတ်စစ်ဆင်ရေး အစီအမံမှာ အောင်မြင်လာခြင်းမရှိဘဲ ဆက်လက် ကျဆုံးနေစမြဲဖြစ်သည်။

အာဏာသိမ်းခြင်းသည် မဲစာရင်းမှားယွင်းခြင်းကြောင့်ဟု နိုင်ငံအာဏာကို မတရား သိမ်းယူခဲ့သည့် စစ်ကောင်စီဘက်က အမြဲတစေ အကြောင်းပြစေကာမူ ပြည်သူများက လုံးဝ လက်မခံနိုင်ဘဲ ရှိခဲ့သည်။ စိတ်ဓာတ်စစ်ဆင်ရေးပညာတွင် “အနက်ရောင်အား၊ အညိုရောင် ဖြစ်သည်”ဟု မည်သို့ဆိုစေကာမူ အနက်ရောင်နှင့် အညိုရောင်တို့သည် ကွဲပြားစမြဲ။ မမှန်ကန်သော စိတ်ဓာတ်စစ်ဆင်ရေးပညာသည် လူနည်းစုအတွက် ခဏတာ အသုံးဝင်နိုင်ပြီး ရေရှည်အလုပ်မဖြစ်ပေ။

ရှေးယခင်ကတည်းက အာဏာရှင်အဆက်ဆက်တို့က ကေအဲန်ယူ အပါအဝင်၊ တိုင်းရင်းသားလက်နက်ကိုင်တို့ကို အကြမ်းဖက် သောင်းကျန်းသူများဟု အမည်ဆိုးတပ်ကာ ဝါဒဖြန့်မှုများကို ဖျော်ဖြေရေး၊ ဟောပြောရေး စသည်ဖြင့် နည်းလမ်းပေါင်းစုံ အမြဲတစေ ပြုလုပ်လေ့ရှိခဲ့သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် မြန်မာနိုင်ငံတွင် အေးအတူပူအမျှ အတူယှဉ်တွဲ နေထိုင်နိုင်ရေး အသင့်တော်ဆုံးမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်သည်။

ထို့အတွက် မိမိတို့ ကရင်လူမျိုးများ အပါအဝင် တိုင်းရင်းသားလူမျိုးတိုင်းက လွတ်လပ်ရေး မတိုင်မှီကာလကတည်းက တည်ဆောက်ရန် ကြိုးပမ်းခဲ့ခြင်းကို သောင်းကျန်းသူများ၊ သူပုန်များဟု အမည်တပ်ဝါဒဖြန့်သည့် စစ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခဲ့သော်လည်း နှစ် ၇၀ကျော်ချိန်ထိ မအောင်မြင်သလို လက်ရှိချိန်တွင် တစ်နိုင်ငံလုံးက အမှန်တရားကို ရင်ဝယ် ပိုက်ထားလျက်ရှိသည်။

မျက်မှောက်နိုင်ငံ့အရေးကို ခြုံငုံကြည့်မည်ဆိုလျင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် အာဏာရှင်ကို အမြစ်ပြတ် တိုက်ပွဲဝင်နေချိန်ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ အာဏာရှင်တို့ မည်သည် “ဘယ်သူသေသေ၊ ငတေမာလျင် ပြီးရော” ဆိုသည့် စိတ်ဓာတ်ဖြင့် ပြည်သူအချင်းချင်း စစ်ခင်းရန် နည်းလမ်း အသွယ်သွယ်ဖြင့် ကြိုးပမ်းနေသည်။ တဖန် စစ်ရှုံး၊ စခန်းစွန့်ချိန်တွင်လည်း “မစားရသည့်အမဲ၊ သဲနှင့်ပက်” ဆိုသလို ပြည်သူ့ဘဏ္ဍာစားပြီး ပြည်သူ့မျက်နှာ ထောက်ထားမှုကင်းမဲ့စွာဖြင့် ပြည်သူ့နေအိမ်၊ မြို့ရွာများကို ဗုံးကြဲ၊ မီးရှို့ နည်းလမ်းစုံဖြင့် ဖျက်ဆီးလျှက်ရှိနေသည်။

ယခုကဲ့သို့ သတင်းဆက်သွယ်ရေး နည်းပညာခေတ်ကြီးတွင် တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒကို မျက်ကွယ်ပြုကာ အာဏာရရေး၊ ကိုယ်ကျိုးအတ္တသာကြည့်သည့် အာဏာရှင်များ မတည်မြဲနိုင်သည်ကို သမိုင်းဖြစ်ရပ်များစွာ ရှိသည်။ တော်လှန်ရေးကာလ၌ အများပြည်သူတို့ အခက်အခံစုံ ကြုံတွေ့ရသော်လည်း အာဏာရှင်တို့ကြီးစိုးထားသော မြို့ရွာ များတွင် တစ်စထက်တစ်စ ကျဆုံးပြီး အာဏာရှင်ကင်းစင်သည့် မြို့များမှ ပြည်သူများကဲ့သို့ အောင်သပြေကမ်း ပြုံးပန်း ဝေချိန်အတွက် ဒေသအသီးသီးမှ နည်းလမ်းစုံဖြင့် မည်သည့်အာဏာရှင်စနစ်မဆို ဦးမော့မလာစေရန် နည်းမှန်လမ်းမှန် အတူတွန်းလှန်ကြစေလိုပါသည်။