Home သတင်း ကျွန်းစုတွင် ပြည်သူ့စစ်များ ငွေတောင်းကြမ်းနေ

ကျွန်းစုတွင် ပြည်သူ့စစ်များ ငွေတောင်းကြမ်းနေ

91
Photo: Social Media

စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ရှိကျေးရွာများတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက ဒေသခံများထံ အကြောင်းစုံပြ ငွေတောင်းကြမ်းနေ (ဒေသအခေါ် ဆက်ကြေးတောင်းခံမှု) သည်ဟု ဒေသခံများက ပြောသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် အရပ်ခေါ် (ပျူစောထီး) တပ်ဖွဲ့ဝင်များက လက်နက်များ ကိုင်ဆောင်ကာ ဒေသခံများထံမှ တစ်လတစ်ကြိမ် သို့မဟုတ် လဝက်တစ်ကြိမ် အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းရမ်းမှုများ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာ သည်ဟု အမည်မဖော်လိုသူ ကျေးရွာနေဒေသခံ အမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“အိမ်တွေမှာ ဆက်ကြေးကောက်တဲ့သဘောမျိုးနဲ့ လိုက်ပြီးကောက်ခံနေတာရှိတယ်။ သူတို့တောင်းသလောက် ပေးရတယ်။ ကောက်နေတာကတော့ ကြာပြီး ဒါပေမဲ့ အခုနောက်ပိုင်းမှာ ပိုပြီးတော့ဆိုးလာတယ်။ ရွာတွေဘက် မှာ” ဟု ၎င်းက ကေအိုင်စီသို့ စက်တင်ဘာ ၃၀ ရက်၊ ယနေ့တွင် ပြောသည်။

ထို့အပြင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မူးယစ်ဆေးရောင်းချသူများ၏ နေအိမ်များထံသို့ ပြည်သူ့စစ် အဖွဲ့ဝင်(ပျူစောထီး)များက ကိုယ်တိုင် ငွေကြေးလိုက်လံကောက်ခံမှုမျိုး ပြုလုပ်နေပြီး တစ်အိမ်လျှင် မြန်မာကျပ် ငွေ ဆယ်သိန်းထိ ကောက်ခံနေသည်ဟု ဖြစ်စဉ်နှင့် နီးစပ်မှုရှိသူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းအပြင် ပျူစောထီးတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာအတွင်း ငွေကောက်ခံနေသည့်အပြင် ပင်လယ်ပြင်၌ ငါးဖမ်း လုပ်ငန်းလုပ်ကိုင်နေကြသည့် ဒေသခံများကိုလည်း လက်နက်များကိုင်ဆောင်ကာ ခြိမ်းခြောက် ငွေတောင်းကြမ်း နေပြီး ငါးဖမ်းစက်လှေ တစ်စီးလျှင် အနည်းဆုံး ကျပ်ငါးသောင်းမှ တစ်သိန်းကြား ငွေပေးရသည်ဟု ရေလုပ်ငန်း လုပ်ကိုင်နေသူ အခြား ဒေသခံနောက်တစ်ဦးက ပြောသည်။

အဆိုပါ ရေလုပ်ငန်းလုပ်ကိုင်သူက “ဒီဘက်မှာက ပြည်သူ့စစ်ကိုပျူစောထီးလို့ ခေါ်တာကိုး။ သူ တို့တွေက ပင်လယ်ပြင်တွေမှာ လည်းဆက်ကြေး လိုက်ကောက်တယ်။ စက်လှေတစ်စီးကို ဘယ်လောက်ဆိုပြီးတော့။ သတ်မှတ်ပြီး ကောက်တာမျိုးတော့ မရှိဘူး။ တောင်းသလောက်ပေးရတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ကျွန်းစုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း မြို့နယ်အတွင်းရှိ မူးယစ်ဆေး ရောင်းဝယ် ဖြန့်ဖြူးနေသူအများစုကို ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိသော်လည်း ထိထိရောက်ရောက် ဖမ်းဆီးပေးနိုင်ရန် ဒေသခံများက လိုလားလျက်ရှိနေသည်ဟု သိရသည်။