Home ဆောင်းပါး လှိုင်းလုံးကြားက ဘဝများ

လှိုင်းလုံးကြားက ဘဝများ

616

လှိုင်းလုံးကြားက ဘဝများ

(ဩဂုတ် ၉ ရက်၊ ၂၀၂၄ ခုနှစ်) ကေအိုင်စီ

တောင်မှ မြောက်သို့ ခပ်ကြမ်းကြမ်း စီးဆင်းနေသည့် သောင်ရင်းမြစ် ရေလွှာကို အံတုရင်း စက်တပ်လှေ တစ်စီးကို အမျိုးသမီးတစ်ဦး မောင်းနှင်လာသည်။

သူ၏ လှေပေါ်တွင် ကုန်စိမ်းရော ကုန်ခြောက်များ ပါဝင်သည့် အမျိုးမျိုးသော ကုန်စည်များလည်း ပါလာသည်။

မိုးသည်းသည်း လှိုင်းနှင့်လေကြားတွင် အမျိုးသမီးတစ်ယောက်အနေဖြင့် လှေကို ကိုင်တွယ်ရသည်က မလွယ် ကူလှပေ။ သို့သော် ဤသည်က အသက် ၄၄ နှစ်အရွယ် နန်းလုံးစိန်အတွက် နေ့စဉ်အလုပ်တစ်ခု ဖြစ်နေသည်။

နန်းလုံးစိန်သည် လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက သောင်ရင်းမြစ်အတွင်း ခရီးသည်ကြိုပို့နှင့် ကုန်စည်ပို့ ဆောင်ရန်အတွက် စက်လှေမောင်းရင်း အသက်မွေးဝမ်းကျောင်းပြုခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်သည်။

“လှေကူးတဲ့အခါ နှလုံးတုန် ရှိသမျှ ဘုရားအကုန် ရှိခိုးတယ်။ ကိုယ်လည်း ကြောက်တာပေါ့။ ဒါပေမယ့် ကိုယ့် ကြောင့်နဲ့ ခရီးသည်တွေ အခက်အခဲမရှိ ကူးရတော့ ကျေနပ်တယ်။ ပျော်လည်း ပျော်မိတယ်။ ကိုယ့်ကိုယ်ကို တော်တယ်လို့လည်း ခံစားမိတာပေါ့” ဟု သူက အမျိုးသမီး တစ်ယောက်အနေဖြင့် လှေမောင်းနေသည့် ခံစားချက်ကို ပြောသည်။

နန်းလုံးစိန် စက်လှေမောင်းသည့် လှေဂိတ်သည် သောင်ရင်းမြစ်ကမ်းဘေး ထိုင်း-မြန်မာ နယ်စပ် ကရင်ဘက်ခြမ်းတွင် တည်ရှိသည်။

ကရင်ပြည်နယ်အတွင်းရှိ ဒေသခံများအတွက် နေ့စဉ် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို သယ်ယူ ပေးနေသည့်အပြင် တစ်ဖက်ကမ်း ထိုင်းနိုင်ငံရှိ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် စသည်တို့အတွက် လက်လှမ်းမှီနိုင်အောင် အထောက်အပံ့ပေးနေသည့် လှေဂိတ်တစ်ခုလည်း ဖြစ်သည်။ ထို့အပြင် အနီးအနားရှိ ရွာသူ၊ ရွာသားများနှင့် ရပ်ဝေးမှ လာသူများအတွက် အားကိုးရာဟုလည်း ဆိုနိုင်သည်။

ယခုလို မိုးရာသီဆိုလျှင် မြစ်ရေတက်လာပြီး ရေစီးသန်သည့်အတွက် မဖြစ်မနေသွားသူများနှင့် ကုန်ပစ္စည်း သယ်ဆောင်ဖို့ကိုသာ အဆိုပါ လှေဂိတ်နှင့် ရေလမ်းကို အသုံးပြုလေ့ရှိသည်။ ၎င်းအပြင် နန်းလုံစိန်တို့အတွက် မိုးတွင်းဘက် လှေမောင်းလျှင် အမှိုက်သရိုက်များ၊ သစ်တုံးများမျောပါလာသည့်အတွက် အန္တရာယ်ကိုလည်း ရင်ဆိုင်ကြရသည်။

ထို့ကြောင့် အဆိုပါ ရေလမ်းကို မိုးတွင်းပိုင်းဆိုလျှင် ကျွမ်းကျင်သည့် လှေမောင်းသမားများကိုသာ မောင်းခွင့်ပြု သည်ဟု သိရသည်။ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေ စိုးရိမ်ရေမှတ် ရောက်ချိန်ဆိုလျှင်တော့ လှေဖြင့် သွားလာခွင့်ကို ဂိတ်မှူးက ခေတ္တရပ်ဆိုင်းလေ့ရှိသည်။ အဆိုပါ ကာလမှာ နှစ်ရက်မှတစ်ခါတရံ တစ်ပတ် လောက်ထိ ကြာမြင့်တတ်သည့်အတွက် ခရီးသည်များအတွက်ရော လှေမောင်းသူ နန်းလုံးစိန် တို့အတွက်ပါ အခက်အခဲ ကြုံကြရသည်။

“ကုန်ပစ္စည်းတွေ ရောင်းချဖို့အတွက် မြို့ထဲ (ပြည်တွင်း) ပြန်ဆင်းဝယ်တဲ့အခါ တံတားကြိုး၊ ရေကြီး၊ ကားခနဲ့ မကိုက်ဘူး။ လှေနဲ့သွားတာက အနောအတွက် အချိန်ကုန်သက်သာ၊ ငွေကုန်သက်သာပြီး ပိုအဆင်ပြေတယ်” ဟု အိမ်တွင် ကုန်စုံဆိုင်လေးလည်း ဖွင့်ထားသည့် နန်းလုံးစိန်က ပြောသည်။

အဆိုပါ လှေဂိတ်လေးသည် နန်းလုံးစိန်တို့လို့ လှေမောင်းနေသူများအတွက် ဝမ်းစာ ရှာစရာ ပင်မတစ်ခုဟု ဆိုနိုင်သည်။ နန်းလုံးစိန် လှေစဆွဲစဉ်က အဆိုပါ ဂိတ်တွင် လှေ ၃ စီးမှ ၄ စီးလောက်သာ ရှိခဲ့ပြီး ယခုအချိန် တွင်တော့ လှေအစီး ၄၀ လောက်ထိ တိုးလာခဲ့ပြီဖြစ်သည်။ လှေအစီးရေများသော်လည်း တစ်ရက်ကို လေးစီးသာ အလှည့်ကျမောင်းနှင်ခွင့်ရှိသည်ဟု သိရသည်။

ထို့ကြောင့် နန်းလုံးစိန်အတွက်လည်း တစ်လလျှင် သုံးရက်သာ လှေဆွဲရသည့် အခြေအနေဖြစ်သည်။ လှေမောင်းသမား တစ်ဦး၏ တစ်လ ဝင်ငွေမှာ အနည်းဆုံး ဘတ်၂,၀၀၀( ကျပ် ၁ သိန်းခွဲကျော်) ရှိသည်။ ထို့ကြောင့် အဆိုပါ လှေဂိတ်မှ ရရှိသော ဝင်ငွေမှာ မိသားစုအတွက် တဖက်တလမ်းမှသာ အထောက်အကူဖြစ် နေသော်လည်း ဝင်ငွေရရေးအတွက် အန္တရာယ်ကြားမှပင် အလုပ်လုပ်နေကြရသည်ဟု လှေမောင်းသူများက ဆိုကြသည်။

နန်းလုံးစိန်နေသည့် ဒေသတွင် သောင်ရင်းမြစ်နံဘေးတစ်လျှောက် လှေဂိတ်လေးခုရှိပြီး သူတို့ လှေဂိတ်ကိုသာ လူသုံးများကြသည်။ အဆိုပါ လှေဂိတ်တွင် နန်းလုံးစိန်အပြင် နောက်ထပ် အမျိုးသမီးလှေမောင်းသူ လေးဦး ရှိသေးသည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်သည့် ဖောဝါးကတော့ လှေမောင်းအလုပ်လုပ်လာသည်မှာ နှစ် ၂၀ ရှိပြီဖြစ်ပြီး အန္တရာယ်များသည့် မိုးရာသီရေတက်ချိန်များတွင်ပါ မောင်းရသူ တစ်ဦးဖြစ်သည်။

“လှေမောင်းကတာ ကြောက်တော့ ကြောက်တယ်။ ဒါပေမယ့် ယောကျ်ားမှ မရှိတော့တာ၊ သူက အိမ်ထောင်အသစ်နဲ့ ကလေးတောင် ရနေပြီ။ အဲဒီတော့ အစ်မက ကလေးတွေကို ရှာကျွေးရတာပေါ့။ အခက်အခဲတော့ ဘယ်အလုပ်မဆို အကုန်လုံး ရှိတာပေါ့။ ဒါပေမယ့် ကြည့်မောင်းရတာပဲလေ။ ကလေးတွေ ရှေ့ရေး ရှိသေးတယ်” ဟု ဖောဝါးက မျက်နှာညှိုးရင်း ပြောသည်။

သူသည် အသက် ၉၀ ရှိပြီဖြစ်သည့် အဖေအိုနှင့် ကလေး ငါးယောက်ကို ရှာကျွေးနေရသည့် အိမ်ထောင်ဦးစီး တစ်ယောက်အနေဖြင့် ရပ်တည်ရုန်းကန်နေရသူလည်း ဖြစ်သည်။

“ကျမက ကိုယ်ပိုင်လှေ မရှိဘူးလေ။ မဝယ်နိုင်ဘူး။ ဈေးအများကြီးပဲ။ မတတ်နိုင်ဘူးလေ။ အခုတော့ ရွာလူကြီး လှေပေးတဲ့ အချိန်ပဲ မောင်းရတယ်” ဟု လှေတစ်စီးတန်ဖိုး ဘတ် ၄၆,၀၀၀ (ကျပ်သိန်း ၄၀ကျော်) ရှိသည့်အတွက် သူမဝယ်နိုင်သည့်အပေါ် ဖြေရှင်းနေရပုံကို ပြောသည်။

လှေက ရသည့် ဝင်ငွေက မိသားစုအတွက် မလုံလောက်သည့်အခါ လှေမဆွဲရသည့် အချိန်များတွင် ကျောင်းဖွင့်ရာသီဆိုလျှင် လှေဖြင့် ကလေးကျောင်းကြိုပို့ရသည့် အဖွဲ့တွင် ပါဝင်လုပ်ခြင်းအပြင် ကျောင်း ပိတ်ချိတ်ဆိုလျှင် တောထဲတွင် ဟင်းသီးဟင်းရွက် လိုက်လံရှာဖွေခြင်း၊ မျှစ်တူးခြင်းနှင့် ငါးရှာခြင်းတို့ဖြင့် ဝမ်းရေးကို ဖြေရှင်းနေရသည်။ ထိုအလုပ်များပါ လုပ်မှ သူ၏ ဝင်ငွေမှာ တစ်လလျှင် ဘတ် လေးထောင်မှ ငါးထောင်ဝန်းကျင်သာ ရသည်။

“အခုဆို ဆန်တစ်အိတ်ကို ၁၀၀၀ (ဘတ်) ပေးဝယ်ရတယ်။ အရမ်းကောင်းတဲ့ ဆန်တော့ မဟုတ်ဘူးပေါ့။ စားဖို့ သောက်ဖို့လောက်ပဲ ရတယ်” ဟု ဖောဝါးက ညည်းတွားရင်း ဆိုသည်။

ဖောဝါးတို့ လှေမောင်းသည့် ဂိတ်လေးတွင် လှေမောင်းခွင့် ရသူများသည် နှစ်ရှည် နေထိုင်ခဲ့သူများသာ ဖြစ် သောကြောင့် သူတို့အတွက် ဒေသခံဖြစ်နေသည်က ကံကောင်းခြင်းတစ်ခု ဖြစ်နေသည်ဟု မြင်ကြသည်။

ထို့အပြင် အဆိုပါ လှေဂိတ်လေးသည် ခရီးသည်တို့ကို သယ်ဆောင်ရင်း ဒေသအတွက် မရှိမဖြစ် ကုန်စည်များ အတွက်ပါ ကူးလူးဆက်သွယ်ပေးရာ ဖြစ်သည့်အတွက် သူတို့အတွက်တော့ ဂုဏ်ယူစရာ အလုပ်တစ်ခု အဖြစ် မှတ်ယူကြသည်။

ထိုသို့ အဓိက အရေးပါသည့် အလုပ်တစ်ခုကို လုပ်ဆောင်နေရသောကြောင့် နန်းလုံစိန်နှင့် ဖောဝါးတို့အတွက်တော့ လှေမောင်းရင်း ဘဝကို ဖြတ်သန်းသွားမည်ဆိုသည်မှာ ခိုင်မာသည့် အနာဂတ်ဆုံးဖြတ်ချက်တစ်ခုပင် ဖြစ်တော့သည်။