ဩဂုတ် ၁၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဌာနေတိုင်းရင်းသားလူမျိုးစုတို့၏ ဘိုးဘွားနယ်မြေနှင့် သဘာဝအရင်းအမြစ်များကို ကာကွယ်ရန်အတွက် ကိုယ်ပိုင်ပြဌာန်း စီမံအုပ်ချုပ်ခွင့်ကို လေးစားအသိမှတ်ပြုရန် ဩဂုတ် ၉ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည် ဆိုင်ရာ ဌာနေလူမျိုးစုများနေ့တွင် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အုပ်ချုပ်ရေးကော်မတီက တောင်းဆိုလိုက်သည်။
ဌာနေတိုင်ရင်းသားလူမျိုးစုများသည် ၎င်းတို့၏ တောတောင်၊ ရေ၊ မြေ၊ သဘာဝကို မည်သို့ ထိမ်းသိမ်းရမည်ကို အခြားသောအပြင်လူများထက် ပိုမိုသိရှိသူများ ဖြစ်သည်။ ထို့ကြောင့် နယ်မြေ အစိုးရ၊ နယ်မြေ အာဏာပိုင်များနှင့် လက်နက်ကိုင်အဖွဲ့တို့ အနေဖြင့် ဌာနေတို့နှင့် ပူးပေါင်းလုပ်ဆောင်ရမည်ဟု ကော်မတီက ပြောသည်။
ထိုသို့ ပူးပေါင်း လုပ်ဆောင်နိုင်ရန် ဌာနေတိုင်းရင်းသား အခွင့်အရေးကို ကနဦးကာကွယ်မှုပေးရမည်ဟု ကုလ သမဂ္ဂ၏ ဌာနေလူမျိုးစုအခွင့်အရေး ကြေငြာစာတမ်း၌ဖော်ပြထားသည်ဟု သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အုပ်ချုပ်မှု ကော်မတီဥက္ကဌ ပေါလ်စိန်ထွားက ပြောသည်။
“ဒါကို လိုက်နာကြဖို့အတွက် တောင်းဆိုတာ။ အဓိကတော့ စီးပွားရေးသမားတွေ ဖြစ်ဖြစ် နယ်ချဲ့မတရား လုပ်ဆောင်သူတွေဖြစ်ဖြစ် ဌာနေလူမျိုးစုအခွင့်အရေးတွေကို လေးစားလိုက်နာမှု ရှိရမယ်ဆိုတာသိဖို့ အထွေထွေ တောင်းဆိုတာ ဖြစ်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ဌာနေကရင်လူမျိုးတို့သည် ၁၀ စုနှစ်ပေါင်းများစွာ အာဏာရှင်စစ်တပ်၏ ဖိနှိပ်မှု၊ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်း ခြင်း၊ လယ်ယာမြေ အသိမ်းခံရခြင်းနှင့် သဘာဝသယံဇာတများ အမြတ်ထုတ်ခံရမှု၊ စီမံကိန်းဆိုးကျိုးများကို ခံစား ခဲ့ရပြီး ဌာနေတို့ ငြိမ်းချမ်းစွာ ရှင်သန်ရန် မိမိနယ်မြေကို ကိုယ်တိုင်စီမံအုပ်ချုပ်ရန်လိုသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဌာနေလူမျိုးစုများနေ့၏ ခေါင်းစဉ်သည် ဌာနေလူမျိုးစုတို့၏ သီးခြားနေထိုင်လိုသည့် အခွင့်အရေး၊ လူမှုအသိုင်းအဝန်းနှင့် ထိတွေ့လိုသည့် အခွင့်အရေးတို့ကို ကာကွယ်ရမည်ဖြစ်သည့် အတွက် သံလွင် ငြိမ်းချမ်းရေးဥယျာဉ်၏ အုပ်ချုပ်ရေးကော်မတီနှင့်အတူ ဌာနေကရင်လူမျိုးစုတို့ မိမိတို့၏ အသက်အိုးအိမ် လုံခြုံရေး အတွက် သီးခြားနေထိုင်လိုသည့် ဌာနေလူမျိုးစုအားလုံးနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ဌာနေကရင်လူမျိုးများကြောင့် ကေအဲန်ယူ-မူတြော်ခရိုင်ရှိ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်း ဌာနေ လူမျိုးစု များ၏ ကိုယ်ပိုင်စီမံခန့်ခွဲထိန်းသိမ်းသည့်“ကော်”နယ်မြေ ၂၉၅ ခု၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၆ ခု၊ သစ်တောကြိုးဝိုင်း ၉ ခု၊ ကျေးရွာပိုင်ဘုံသစ်တော ၄၃ ခု ရှိပြီး ထိုနယ်မြေထဲတွင် ဌာနေကရင် ဦးရေ တစ်သိန်း ကျော်က ကာကွယ်စီမံခန့်ခွဲနေထိုင်ကြောင်း သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။



















