ဇူလိုင်လ ၂၆ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ စီဒီစီကျောင်းအပါအဝင် မြန်မာရွှေ့ပြောင်းကျောင်းများသည် မိုးဆက် တိုက်ရွာသွန်းပြီးနောက် ရေကြီးနေသည့်အတွက် ယာယီပိတ်ထားရသည်ဟု ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။
ရက်သတ္တတစ်ပတ်ကျော် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ လျှံပြီး ထိုင်းဘက်ခြမ်း နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် သွားလာရေးခက်ခဲခြင်း၊ နာမကျန်းဖြစ်ပွားမှု များပြားလာနိုင်ခြင်းတို့ကြောင့်ကလေးများဖွံ့ဖြိုးတိုးတက်ရေးစင်တာ (စီဒီစီကျောင်း) ကို ဇူလိုင်လ ၂၆ ရက်မှ ၃၀ ရက်အထိ ယာယီပိတ်ကြောင်းလည်း အသိပေးစာလည်း ထုတ်ထားသည် ဟု သူက ဆက်ပြောသည်။
စီဒီစီကျောင်း တာဝန်ရှိသူ တစ်ဦးက “တခြား ရွှေ့ပြောင်းကျောင်း တော်တော်များများ ပိတ်ရတဲ့ အကြောင်းတွေလည်း အဓိကတော့ ဒီအချက်တွေပါပဲ” ဟု ပြောသည်။

ထို့အပြင် အခြား ရွှေ့ပြောင်းကျောင်းများဖြစ်သည့် သွေးသစ်၊ ဆာမုထော်၊ ပျိုးခင်း၊ Sky Blue၊ ပါရမီ၊ ဘုရားတောင် နှင့် အလင်းရောင် ကျောင်းများလည်း ယာယီပိတ်ထားကြသည်ဟု သိရသည်။
သွေးသစ်ကျောင်းမှ ဆရာတစ်ဦးကလည်း “သောြကာနေ့မှ တနင်္လာအထိ ယာယီပိတ်ထားပါတယ်။ ဒီလိုပဲ မိုးတွေ ဆက်တိုက်ရွာနေရင်တော့ အခြေအနေကြည့်ပြီး ကျောင်းကို ဆက်ပိတ်ဖို့ ပြန်ပြီး အသိပေးကြေညာမယ်” ဟု ပြောသည်။
လတ်တလော မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ၎င်းကျောင်းများနှင့် ကျောင်းသားကျောင်းသူများအတွက် ရေကြီးရေလျှံမှုနှင့် အန္တရာယ်ဖြစ်နိုင်ချေများရှိပါက ကျောင်းကို ယာယီပိတ်ထားကြရန် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များမှလည်း အသိပေးနှိုးဆော်ထားသည်။



















