ဇူလိုင် ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာတွင် ယနေ့နံနက်အစောပိုင်းက လေဆင်နှာမောင်းတိုက်ခတ်သဖြင့် နေအိမ်အလုံးပေါင်း(၇၀)ကျော် ပျက်စီးမှုရှိခဲ့သလို ကျေးရွာနေဒေသခံများ သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း ရန်ကုန်အခြေစိုက် Medical လူငယ်များ လူမှုကူညီရေးအသင်း ထံမှ သိရသည်။
ယနေ့နံနက်ပိုင်း (၄)နာရီ(၄၀)မိနစ်အချိန်က ကွမ်းခြံကုန်းနှင့်ကညင်ကုန်းကြားရှိ ဆယ်အိမ်တန်းကမ်းခြေဖြင့် နာမည်ကြီးသည့် လက်ခုပ်ကုန်းကျေးရွာသို့ လေဆင်နှာမောင်းတိုက်ခတ်သဖြင့် ထိစပ်သည့် နေအိမ်ပေါင်း(၇၀)ကျော်ပျက်စီးပြီး ထိခိုက်သေဆုံးသူအပြင် ပျောက်ဆုံးနေသူများကိုလည်း ကယ်ဆယ်ရေးဆက်လက်လုပ်ဆောင်နေကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “မနက်ပိုင်းက မုန်တိုင်းသဘောမျိုး လေဆင်နှာမောင်းဝေ့သွားတာ၊ လူတွေပါ လေဆင်နှာမောင်းထဲပါသွားတာမျိုးဆိုတော့ ပျောက်နေတဲ့လူတွေလည်းရှိသေးတယ် ။ ပြန်ကယ်လို့ရထားတဲ့သူတွေလည်းရှိတယ်။ သေတဲ့သူရော ဒဏ်ရာရတဲ့သူရောရှိတယ် ။ အရေအတွက်အတိအကျတော့မသိရသေးဘူး” ဟု အဆိုပါအသင်းတာဝန်ခံက ပြောသည်။

လေဆင်နှာမောင်းထိခိုက်သည့် နေအိမ်အလုံးပေါင်း(၇၀)ကျော်အနက် နေအိမ်(၄၀)ကျော်မှာ လူနေထိုင်၍မရတော့သည်အထိ ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး လက်ရှိ ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေသောကြောင့် အကူအညီများလိုအပ်နေကြောင်းလည်း ၎င်းကဖြည့်စွက်ပြောသည်။
“တချို့အိမ်တွေဆို နေလို့ကိုမရတော့ဘူး။ တချို့အိမ်တွေဆို စုတ်ပြတ်သပ်သွားတယ် ။ ထိခိုက်ပျက်စီးမှုကြီးကြီးမားမားက အိမ်ပေ ၄၀ ကျော်ရှိတယ်။ တိုက်အိမ်လောက်ပဲခံနိုင်တယ် ။ စားနပ်ရိက္ခာနဲ့ကယ်ဆယ်ရေးတော့လိုအပ်နေတယ်။ အဲဒီအတွက် ကျနော်တို့လုံးပမ်းနေပါတယ်။” ဟု လူမှုကူညီရေးအသင်း၏တာဝန်ခံက ဆိုသည်။
ယခု ဇူလိုင်လအတွင်း ရန်ကုန်တိုင်းအပါအဝင် မြန်မာတစ်နိုင်ငံလုံးအနှံ့အပြား မိုးရေချိန်များပြားပြီး ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မြစ်ရေကြီးမှုများ ဖြစ်ပွားလျက်ရှိရာ အထူးသဖြင့် မွန်၊ ကရင်ဘက်များတွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်ရေနစ်မြှုပ်မှုများဖြစ်ပေါ်နေသဖြင့် ပြည်သူများ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။



















