ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဖာအံခရိုင်၊ ပိုင်ကျုံမြို့နယ် ထီလုံ-နဘူးလမ်းမကြီးပေါ်ရှိ ကြက်တူရွေးရွာတံတားနှင့် နောင်ခွီးကျေးနယ် အမှတ်(၂/၃၃) တံတား နှစ်စင်း ဇူလိုင်လ ၂၅ ရက်၊ ယမန်နေ့တွင် ရေတိုက်စားပြီး ပြိုကျပျက်စီးမှုကြောင့် သွားလာရေး ပြတ်တောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
နဘူး၊ ပိုင်ကျုံ၊ ထီလုံမြို့နယ်များသို့ သွားလာရန် မဖြစ်မနေ အသုံးပြုရသော အဆိုပါ တံတားနှစ်စင်း ပြို ကျပျက်စီးသွားသောကြောင့် ဒေသခံများအနေဖြင့် ကုန်သွယ်မှုအပြင် လူမှုရေးနှင့် ကျန်မားရေးအတွက် သွားလာရန်အခက်အခဲဖြစ်နေကြောင်း ပိုင်ကျုံမြို့နယ် နောင်ခွီးကျေးရွာနေဒေသခံတစ်ဦးက ပြောသည်။
“ဒီလမ်းက ပျက်စီးသွားတော့ ရွာသားတွေအတွက် အခက်အခဲရှိတယ်။ ဈေးသွားဝယ်ဖို့ အတွက် နဘူး၊ လှိုင်းဘွဲကို ဈေးသွားဝယ်ရတယ်။ အခုလို ဝယ်မရတော့ ကျမစိတ်ထင်ဈေးတက်တော့မယ် ။ အခု တောင် ကြက်ဥ တစ်လုံးကို ၅၀၀(ကျပ်) ရှိတာ အခုလို ဖြစ်သွားရင် တစ်လုံးကို တစ်ထောင် နှစ်ထောင် ဖြစ်သွားမယ်ထင်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ တံတားနှစ်စင်း ပြိုကျပျက်စီးသွား၍ ပိုင်ကျုံမြို့နယ်ရှိ ကျေးရွာ(၄၀)ကျော်မှ ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်သွယ်ရေးအတွက် အခက်အခဲများစွာ ကြုံတွေ့ရပြီး ထို့ကြောင့် ထိုပြိုကျပျက်စီးသွားသော တံတားများကို အရေးပေါ်သွားလာနိုင်သည့် အခြေအနေတစ်ခု လုပ်ဆောင်ပေးစေလိုကြောင်း ဒေသခံများက ပြောသည်။

ပိုင်ကျုံမြို့နယ်ရှိ ပိခတကျေးရွာ ဒေသခံတစ်ဦးက “ အရင်ဆုံး ကေအဲန်ယူ တာဝန်ရှိသူတွေ ဒါမှ မဟုတ်ရင် အစိုးရအာဏာပိုင်တွေ ဒီတံတားကို အရေးပေါ်သွားလို့လာလို့ ရနိုင်တဲ့အထိ အနေ အထားတစ်ခုကို အရင်လုပ်စေချင်တယ်။ ပြီးမှ အခွင့်သာတဲ့ အချိန်ကျမှ အတိုင်းအတာတစ်ခုထက် ခိုင်မာတဲ့ တံတားကို ပြန်ဆောက်ရင်တော့ အဆင်ပြေနိုင်တယ်” ဟု ပြောသည်။
ယခု ဇူလိုင်လအတွင်း မိုးများဆက်တိုက်ရွာသွန်းမှုများပြီး တောင်ကျရေတိုက်စားမှုကြောင့် ပိုင်ကျုံ၊ နဘူး၊ လှိုင်းဘွဲစသည့် မြို့နယ်များရှိ ကျေးရွာများတွင် ရေလွှမ်းမိုးမှု ကြုံတွေ့ရပြီး ဒေသခံများ၏ နေအိမ်များ ပြိုကျပျက်စီးခြင်း၊ အိမ်မွေးတိရိစ္ဆာန်များ သေဆုံးခြင်းနှင့် ပျိုးစပါးလယ်ကွင်းများလည်း ရေနစ်မြှုပ်ခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။
အလားတူ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ကရင်ပြည်နယ်ရှိ မြို့နယ်များ သာမက မွန်ပြည်နယ်၊ ပဲခူး၊ ဧရာဝတီတိုင်းများအတွင်းရှိ မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး ဒေသခံပြည်သူများ သွားလာရေးခက်ခဲလျက်ရှိသည်ဟု သိရသည်။



















