Home သတင်း စစ်မှုထမ်းရှောင်လူငယ်အချို့ စားဝတ်နေရေးအတွက် ကျပန်းအလုပ်ဖြင့် ဖြေရှင်း

စစ်မှုထမ်းရှောင်လူငယ်အချို့ စားဝတ်နေရေးအတွက် ကျပန်းအလုပ်ဖြင့် ဖြေရှင်း

567

ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်မှုထမ်းဥပဒေကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ကျေးရွာအချို့သို့ ရှောင် လာသော လူငယ်များသည် စားဝတ်နေရေးအတွက် ကြုံရာကျဘမ်း နေ့စားအလုပ်များလုပ်၍ ဖြေရှင်းနေကြရသည်ဟု လူငယ်များထံမှ သိရသည်။

“ကျမ ဒီဘက်ရောက်ကတည်းက ပြောင်းချိုးတာ။ တစ်ခါမှ မလုပ်ဖူးတော့ လက်တွေဆို အရေခွံတွေ လန်တာစပ်နေတာပဲ။ တောင်ကုန်းပေါ်မှာ ပြောင်းစိုက်တောကလည်း ပြောင်းစေ့ထည့်ပြီး ခြေ ထောက်နဲ့ ပိတ်ရတာ၊ ညဘက်ဆို ခြေထောက်တွေ ကိုက်ခဲနေတာပဲ” ဟု ဧရာဝတီတိုင်းမှ ကရင်-ထိုင်းနယ်စပ် ကျေးရွာတစ်ရွာသို့ စစ်မှုထမ်းရှောင်လာသော အသက် ၁၈ နှစ်အရွယ် ကျောင်းသူတစ်ဦးက ပြောသည်။

ကရင်-ထိုင်းနယ်စပ်ရှိ အဆိုပါ ကျေးရွာတွင် ဧရာဝတီတိုင်းမှ စစ်မှုထမ်းဥပဒေ ရှောင်လာသူများ အပါအဝင် အခြား စစ်ဘေးရှောင်ဦးရေ ၃၀၀ ခန့် ရှိကြောင်း ကျေးရွာတာဝန်ခံထံမှ သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် အတည်ပြုလိုက်သော စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် အသက် ၁၈ နှစ်အထက် လူငယ်အများစုသည် တိုင်းရင်းသားဒေသများနှင့် အိမ်နီးချင်းနိုင်ငံများသို့ တိမ်းရှာင် နေကြရသည်။ ထိုသို့ တိမ်းရှောင်ရာတွင် ရေရှည်စားဝတ်နေရေးကို ဖြေရှင်းနိုင်ရန်အတွက် ယခင်က လုပ်လေ့မရှိသော ပြောင်းစိုက်ရန် ပေါက်တူးပေါက်ခြင်း၊ မြက်သတ်ဆေးဖြန်းခြင်း၊ ဝဲ( မြေဩဇာ) အိတ်ထမ်းခြင်း၊ တောင်ယာခုတ်ခြင်း၊ ဝါးခုတ်ခြင်းနှင့် ပြောင်းအိတ်ထမ်းခြင်း၊ အမျိုးသမီးများဆိုလျှင် ပြောင်းစိုက်ခြင်း၊ ပြောင်းချိုးခြင်းနှင့် ဝဲထည့်ခြင်း စသည့်အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေကြသည်ဟု သိရသည်။

ထိုသို့ လုပ်ရာတွင် နေ့စားခအနေဖြင့် ပြောင်းစိုက်၊ ပြောင်းချိုးခြင်းများအတွက် ထိုင်းငွေ ၁၅၀ ဘတ်နှင့် အခြားအလုပ်ကြမ်းများအတွက်ကို ၂၀၀ ဘတ် ရရှိကြကြောင်း ထိုသူများထံမှ သိရသည်။

နေ့စားလုပ်ကိုင်နေသည့် စစ်မှုထမ်းရှောင် အသက် ၂၀ အရွယ် လူငယ်တစ်ဦးလည်း “ဆေးဖြန်းတာက နှစ်မျိုး ရှိတယ်ဗျ။ စက်နဲ့ ဖြန်းတာရယ်၊ ပုံးထမ်းပြီး ဖြန်းတာရယ်ပေါ့။ စက်နဲ့ ဖြန်းရင်လည်း မျက်စိထဲ မဝင်အောင် သတိထားရတယ်။ ပုံးထမ်းပြီး ဖြန်းရင်လည်း ခါးနာတယ်” ဟု သူကြုံတွေ့ရသည်ကို ပြောသည်။

အဆိုပါ လူငယ်များသည် နယ်နိမိတ်ကပ်လျက်ရှိသည့် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်လိုသော်လည်း အဆက်အသွယ်မရှိခြင်းနှင့် အလိမ်ခံထိမည်ကို စိုးရိမ်ကြသဖြင့် မသွားရောက်နိုင်ကြပေ။ ထို့ကြောင့် မိမိတို့ ရောက်ရှိသည့် ဒေသတွင်သာ ခက်ခဲသည့် အလုပ်များကို ရှာဖွေလုပ်နေကြရသည်ဟု ဆိုကြသည်။

ပြောင်းကို နွေပြောင်းနှင့် မိုးပြောင်းဟူ၍ စိုက်ပျိုးကြသဖြင့် တစ်နှစ်ပတ်လုံး လုပ်ကိုင်ရသောကြောင့် အလုပ်မရှားသော်လည်း မလုပ်ဖူးသည့် အလုပ်များဖြစ်သောကြောင့် လူငယ်အချို့မှာ ရေရှည် မလုပ်ကိုင်နိုင်ကြဘဲ နေရပ်ပြန်သွားသည်များလည်း ရှိနေသည်ဟု အဆိုပါ လူငယ်များထံမှ သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လူစုဆောင်းမှုများရှိလာသည့်အတွက် တိမ်းရှောင် လာသည့် လူငယ်များအနက် အချို့မှာတော်လှန်ရေးတပ်ဖွဲ့များသို့ ဝင်ရောက်သွားပြီး အချို့မှာ လွတ်မြောက်နယ်မြေများသို့ ရောက်ရှိနေကြသည်။ အချို့မှာမူ ထိုင်းနိုင်ငံဘက်ခြမ်းသို့ တရားမဝင်နည်းလမ်းဖြင့် သွားရောက်နေထိုင်ကြသူများလည်း ယနေ့အချိန်အထိ ရှိနေသည်။