Home သတင်း ကုန်ကြမ်းဈေးနှုန်းတက်သောကြောင့်သင်ဖြူးဖျာများ ဈေတက်လာ

ကုန်ကြမ်းဈေးနှုန်းတက်သောကြောင့်သင်ဖြူးဖျာများ ဈေတက်လာ

1153
Photo: Social Media

ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၄ခုနှစ်၊ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ထင်ရှားသည့် အဓိက ထွက်ကုန်ဖြစ်သော သင်ဖြူးဖျာများ ရက်လုပ်ရာတွင် သုံးရသည့် ကုန်ကြမ်းဈေးနှုန်းတက်ခြင်းကြောင့် အချောဈေးများလည်း တက်လာသည်ဟု လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

ပန်းတနော်ဖျာများမှာ တစ်နှစ်ပတ်လုံး ရောင်းရလေ့ရှိပြီး ကုန်ကြမ်းတွင် အကြမ်းဈေးနှင့် အချောဈေးဟူ၍ နှစ်မျိုး ရှိပြီး သင်ခြောက်အကြမ်းဈေးနှုန်းမှာ ပြီးခဲ့သည့်နှစ်က ကုန်ကြမ်း ငါးတောင် တစ်မ (တစ်စည်း) ကို ၁၉,၀၀၀ ကျပ်ရှိပြီး ယခုနှစ်တွင် ၂၈,၀၀၀ ကျပ်အထိ မြင့်တက်နေသလို အချောဈေးနှုန်းမှာလည်း ယခင်နှစ်က ခြောက်တောင်တစ်မ (တစ်စည်း) ကို ၂၃,၀၀၀ ကျပ်မှ ယခုနှစ်တွင် ၃၅,၀၀၀ ကျပ်အထိ မြင့်တက်လျက်ရှိသည်။

သင်ဖြူးဖျာလုပ်ငန်း လုပ်ကိုင်သူ ပန်းတနော်ဒေသခံ အမျိုးသမီးတစ်ဦးက “ကုန်ကြမ်းဖြစ်တဲ့ (သင်မ) ဈေးနှုန်း တက်တော့ သင်ဖြူးဖျာအပေါ် လုပ်ကိုင်စားသောက်နေသူတွေကလည်း အဆင်ဘယ်ပြေမလဲ။ ဒီလိုပဲ ကိုယ့်အတွက်ကျန်အောင် ရုန်းကန်နေရပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ရက်လုပ်ပြီး သင်ဖြူးဖျာတစ်ချပ်၏ ဈေးနှုန်းမှာလည်း ယခင်နှစ်တွင် ခြောက်တောင် တစ်ချပ်ကို ၆၀,၀၀၀ကျပ်မှ ယခုနှစ်လျှင် ၇၀,၀၀၀ နှင့် ၇၅,၀၀၀ကြားရှိပြီး ငါးတောင်တစ်ချပ်ကို ၅၀,၀၀၀ ကျပ်မှ ၅၅,၀၀၀ နှင့် ၆၀,၀၀၀ကြားအထိ မြင့်တက်လျက်ရှိသည်။ ထိုသို့ ဈေးနှုန်းများတက်လာသည့်အတွက် အရောင်းအဝယ်လည်း ပါးနေပြီး သင်ဖြူးဖျာလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲ တွေ့နေကြရသည်ဟု သင်ဖြူးဖျာလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ လက်ရှိအချိန်တွင် အချောဖျာများမှာ ရက်လုပ်နေဆဲဖြစ်ပြီး ယခုအချိန်အထိ မထွက်သေးဟု သိရသည်။

Photo: Social Media

နိုင်ငံအဝန်း ကုန်ဈေးနှုန်းတက်လာသည်နှင့်တပြိုင်တည်း သင်ဖြူးဖျာလုပ်ငန်းတွင်လည်း လုပ်အားခများဖြစ်သည့် ဖျာရက်ခနှင့် ကွပ်ခ (ရက်လုပ်ပြီး အစမထွက်စေရန် အနီရောင်ချည်ကြိုးဖြင့် ချုပ်ခြင်း) တက်သည့်အတွက် အမြတ်သိပ်မကျန် ဖြစ်နေကြရသည်ဟု ဖျာလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

၎င်းအပြင် နိုင်ငံရေးအခြေအနေကြောင့် လမ်းပန်းဆက်သွယ်ရေးအဆင်မပြေသည့်အတွက် မန္တလေးနှင့် ဖားအံမှ လာဝယ်သူ ဖောက်သည်များလည်း နည်းပါးလာသည်ဟု ပန်းတနော်မြို့နယ်မှ သင်ဖြူးဖျာလုပ်ငန်းလုပ်ငန်း လုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ကြောင့် ယခင်နှစ်ထက် အရောင်းအဝယ် ထက်ဝက်ကျသွားခြင်းဖြစ်ပြီး ယခင်နှစ်က တစ်လကို ပုံမှန် အချပ်ရေ ၁၀ ချပ်နှင့် ၁၅ ချပ် ရောင်းရသော်လည်း ယခုနှစ်တွင်မူ ၅ ချပ်မှ ၇ ချပ်လောက်သာ ရောင်းရတော့သည်ဟု သိရသည်။

ယခုကဲ့သို့ ဆက်လက် ခက်ခဲနေပါက စီးပွားဖြစ်ရက်လုပ်သည့် သင်ဖြူးဖျာများကို အရေအတွက်လျှော့ပြီး အိမ်သုံးအဆင့်လောက်သာ ရက်လုပ်တော့ရန်သာ သင်ဖြူးဖျာလုပ်ငန်း လုပ်ကိုင်နေသူအချိူ့က စဉ်းစားနေကြသည်။