Home ဆောင်းပါး စစ်ကိုမုန်း၍ တိုက်နေရသည် – စစ်မုန်းသူ(မြစ်ဝကျွန်းပေါ်)

စစ်ကိုမုန်း၍ တိုက်နေရသည် – စစ်မုန်းသူ(မြစ်ဝကျွန်းပေါ်)

426
Photo: Crd.

စစ်ကိုမုန်း၍ တိုက်နေရသည်

စစ်မုန်းသူ(မြစ်ဝကျွန်းပေါ်)

ဇွန် ၂၈ရက်၊ ၂၀၂၄။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ရက်နေ့တွင် ဘားအံမြို့ လှာကဒေါင်ကျေးရွာအုပ်စု လှိုင်းပုံရွာ လမင်းပရိယတ္တိ စာသင်တိုက်တွင် ဗုဒ္ဓဘာသာ ရဟန်းတော်များသည် –
– တစ်မျိုးသားလုံးငြိမ်းချမ်းရေး
– အလုံးစုံသွေးစည်းညီညွတ်ရေး
– ထာဝစဉ်ငြိမ်းချမ်းရေးအတွက်
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော စစ်များတွင် အချင်းချင်း ထာဝရငြိမ်းချမ်းရေးမဏ္ဍိုင် ပူးပေါင်းတည်ဆောက်ရန် KNU-KNLA စစ်ဦးစီးချုပ်ထံ မေတ္တာရပ်ခံစာပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ရက်နေ့တွင် လှိုင်းဘွဲမြို့နယ် မဲဆမိတ်ဘုန်းတော်ကြီးကျောင်းတွင် သံဃာတော် ၂၅၁ပါး၊ သိက္ခာတော်ရသင်းအုပ်ဆရာ ၁၀ပါး၊ ပြည်သူ ၈၄၇ဦးနှင့် အခြား စိတ်ဝင်စားသူများ အပါအဝင် စုစု ပေါင်း ၁,၁၀၈ဦး တက်ရောက်သည့် ဘာသာရေးခေါင်းဆောင်များနှင့် လူထုတွေ့ဆုံပွဲတွင် KNU သည် ဖက်ဒ ရယ်ပြည်ထောင်စုသို့ ရည်မှန်းချက်ပန်းတိုင်ထားရာတွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် မူဝါဒရှိပြီးဖြစ်သော်လည်း စစ်ရေးနည်းဖြင့်အဖြေရှာလိုသည့် ခေါင်းဆောင်အချို့ရှိနေခြင်းကြောင့် မျက်မှောက်အချိန်တွင် စစ်ပွဲများကြောင့် ရဟန်းရှင်လူ ပြည်သူများ ဒုက္ခကြုံတွေ့နေရခြင်းအတွက် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်နှင့် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်စာကိုလည်း တွေ့ရှိရ ပါသည်။

၁၉၄၁ ခုနှစ်၊ သြဂုတ်လ ၁၄ ရက် အမေရိကန်သမ္မတ ဖရန်ကလင်ရုစဗဲ့နှင့် အင်္ဂလန်ဝန်ကြီးချုပ် ဝင်စတန်ချာချီတို့ ချုပ်ဆိုခဲ့သည့် အတ္တလန်တိတ်စာချုပ် (Atlantic Charter) တွင် –
၁။ ဒုတိယကမ္ဘာစစ်ကြီးပြီးက ကိုလိုနီနိုင်ငံများ လွတ်လပ်ရေးရစေရမည်။
၂။ လွတ်လပ်သည့်နိုင်ငံများတွင် လူမျိုးစုံနေထိုင်ပါက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိစေရမည်။

ဟူ၍ ပါရှိခြင်းကြောင့် ကမ္ဘာ့အဖိနှိပ်ခံလူသားများ အမျိုးသားရေးလှုပ်ရှားမှု (National Liberation Movement)များ ပေါ်လာချိန် ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက်နေ့ ရန်ကုန်မြို့ အလုံရပ်ကွက် ဗင်တန်ခန်းမ (Vinton Memorial Hall) တွင် ကရင်အမျိုးသားတို့၏ တစ်ခုတည်းသော နိုင်ငံရေးဦးဆောင်အဖွဲ့ KNU ကို ဖွဲ့စည်းခဲ့ပါသည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဗြိတိသျှအစိုးရနှင့် မြန်မာကိုယ်စားလှယ်တို့ ချုပ်ဆိုခဲ့ သည့် အောင်ဆန်း-အက်တလီ စာချုပ်တွင်လည်း –
၁။ အင်္ဂလိပ်အစိုးရနှင့်တွေ့ဆုံရာတွင် ကရင်ကိုယ်စားလှယ်တစ်ဦးမှ မပါဝင်ခြင်း။ (၁၉၄၆ ခုနှစ်၊ စက်တင် ဘာလ ၂၆ရက်နေ့တွင် ဖွဲ့စည်းသော ဘုရင်ခံအမှုဆောင်ဝန်ကြီးအဖွဲ့တွင် ကရင်ကိုယ်စားလှယ် အလုပ်သမား နှင့် စက်မှုဝန်ကြီး မန်းဘခိုင်နှင့် ပြန်ကြားရေးဝန်ကြီး စောဘဦးကြီးတို့ ရှိပါလျက်)
၂။ တိုင်းပြုပြည်ပြုလွှတ်တော်တွင် ကရင်ကိုယ်စားလှယ်ဦးရေ နည်းခြင်း။
၃။ ကရင်လက်နက်ကိုင်တပ်ဖွဲ့ကို ဆက်လက် မထားခြင်း။

မှတ်ချက် – ၁၉၄၅ စက်တင်ဘာလတွင် သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အရှေ့ တောင်အာရှ စစ်သေနာပတိချုပ် မောင့်ဘက်တန်၊ သခင်သန်းထွန်း၊ စောဘဦးကြီး၊ ကိုညိုထွန်း(ရခိုင်)တို့ ချုပ်ဆိုခဲ့သည့်စာချုပ်အရ လွတ်လပ်ရေးရရှိပြီးက တပ်မတော်အား အောက်ပါအတိုင်း ဖွဲ့စည်းရန် –
မျိုးချစ်ဗမာ့တပ်မတော် – တပ်ရင်း ၃ ရင်း
ဗမာသီးသန့် – တပ်ရင်း ၁ ရင်း
ကချင် – တပ်ရင်း ၂ ရင်း
ကရင် – တပ်ရင်း ၂ ရင်း
ချင်း – တပ်ရင်း ၂ ရင်း
စုစုပေါင်း – တပ်ရင်း ၁၀ ရင်း။ အင်အား ၁၂,၀၀၀ (တစ်သောင်းနှစ်ထောင်)
မျိုးချစ်ထဲ မပါဝင်သူများ ပြည်သူ့ရဲဘော် ဖွဲ့စည်းရန်
၄။ ကရင်ပြည်နယ်နှင့် ပတ်သက်၍ ဘာမျှမဖော်ပြထားခြင်း။

စသည်တို့ကြောင့် အောင်ဆန်း-အက်တလီစာချုပ်ကို လက်ခံနိုင်ခြင်းမရှိကြောင်း KNU က ဆုံးဖြတ် ပြီး ၁၉၄၇ ခုနှစ်၊ မတ်လ ၃၁ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားရန်၊ လက်ခံခြင်းမရှိလျှင် KNU က အောင် ဆန်း-အက်တလီစာချုပ်အား ဆန့်ကျင်သွားရန်နှင့် လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲကို သပိတ် မှောက်သွားရန် အင်္ဂလိပ်အစိုးရထံသို့ ကြေးနန်းဖြင့် အကြောင်းကြားခဲ့သည်။

ဖဆပလထံသို့လည်း –
၁။ လွှတ်တော်တွင် ကရင်ကိုယ်စားလှယ်မရှိသည့် အင်းစိန်၊ ပဲခူး၊ ဟံသာဝတီ၊ ဖျာပုံ၊ ထားဝယ်၊ မြိတ် ခရိုင်များတွင် လွှတ်တော်ကိုယ်စားလှယ် ၇ ဦး တိုးပေးရန်။
၂။ လွှတ်တော်တွင် ကရင်ကိုယ်စားလှယ် ၂၅% ပါဝင်ရန်။
၃။ ကရင်လက်နက်ကိုင်တပ်ကို ယခင်အတိုင်းထားရန်။
၄။ ကရင်ပြည်နယ်ပေးရေး သဘောတူရန်။
၅။ အုပ်ချုပ်ရေးဌာနများတွင် လူဦးရေအချိုးအစားအလိုက် ကရင်များကို ခန့်ရန်။

အင်္ဂလိပ်အစိုးရနှင့် ဖဆပလအစိုးရတို့က ကရင်ပြည်နယ်ကိစ္စကို လွှတ်တော်တွင် ဆက်လက်ကြိုးပမ်း သွားရန် ပြန်ကြားခဲ့သည်။ KNU က မကျေနပ်သဖြင့် ၁၉၄၇ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် စောဘဦးကြီးသည် ဝန်ကြီးရာထူးမှ နုတ်ထွက်ပြီး ၁၉၄၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ KNU အရေးပေါ်ညီလာခံတွင် လွှတ်တော် ကိုယ်စားလှယ်ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ တွင် တစ်ပြည်လုံး၊ တစ်ချိန်တည်း အင်အား ၄၅၄,၂၀၀ (လေးသိန်း ငါးသောင်း လေးထောင် နှစ်ရာ)ဖြင့် အောက်ပါကြွေးကြော်သံများကို ပိုစတာကိုင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။

ကြွေးကြော်သံများမှာ –
၁။ ကရင်ပြည်ချက်ချင်းပေး။
၂။ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ။
၃။ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ။
၄။ ပြည်တွင်းစစ် အလိုမရှိ။ တို့ဖြစ်သည်။

တစ်ပြည်လုံး ပြင်းထန်လာသည့် လူထုဆန္ဒပြပွဲကြောင့် ဖဆပလသည် KNU ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ဦးနုက ကရင်ပြည်နယ်အရေးကိစ္စကို လွှတ်တော်ထဲတွင် ဆွေးနွေးရန်ပြောခဲ့သည်။ KNU ဥက္ကဋ္ဌကြီး စောဘဦးကြီးက ဖွဲ့စည်းအုပ်ချုပ်ပုံ “အခြေခံဥပဒေတွင် ဗမာအများစုဖြစ်နေခြင်းကြောင့် ဥပဒေပြု လွှတ်တော်တွင် ကရင်ပြည်မရနိုင်ကြောင်း” ပြောရာ ပဋိပက္ခလို ဖြစ်လာပြီး ဦးနုက “ခင်ဗျားတို့ ကရင်ပြည် နယ်လိုချင်ရင် လွှတ်တော်တွင်းနည်းနဲ့ တိုက်ယူတဲ့နည်း နှစ်နည်းပဲရှိကြောင်း”ပြောပြီး အစည်းအဝေးရပ်ဆိုင်း ခဲ့သည်။ ထိုအချိန်တွင် မဟာလူမျိုးကြီးဝါဒီအာဘော် သတင်းစာများ ဖြစ်ကြသော ရန်ကုန်၊ ဟံသာဝတီ၊ မြန်မာ့အလင်း သတင်းစာများကလည်း လူမျိုးရေးမုန်းတီးမှုများကို ဖန်တီးရေးသားခဲ့ကြသည်။

အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းရန် မြန်မာအစိုးရနှင့် KNU ကိုယ်စားလှယ်များ ပါဝင်သော ရှစ်ဦး ကော်မတီက ထိန်းသိမ်းနေသည့်ကြားမှ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက် ခရစ်စမတ်ည ပုလောမြို့အနီး ဘုရား ဝတ်ပြုပွဲတွင် စစ်ဝန်ထမ်း(Levy)တပ်များသည် ဘုရားကျောင်းဝင်းအတွင်းသို့ လက်ပစ်ဗုံးများ၊ စက်သေနတ် များဖြင့် ဝင်ရောက်ပစ်ခတ်ရာ ကျားမ စုစုပေါင်း လူသုံးရာ သေဆုံးပြီး တစ်ရွာလုံး ပြာပုံဘဝ ရောက်သွားခဲ့ သည်။

၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ ညသန်းခေါင်တွင် ရန်ကုန် အလုံရပ်ကွက်တွင်းသို့ ဖဆပလတပ် က စိန်ပြောင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်ပြီး မီးတင်ရှို့ရာ အလုံကရင်ရပ်ကွက်တစ်ခုလုံး ပြာကျခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစမစ်ဒွန်းက “မည်သူ့အမိန့်ဖြင့် ဆောင်ရွက်ကြောင်း” ဝန်ကြီးချုပ်ဦးနု အား မေးမြန်းပြီး ဝင်ရောက်ဖြေရှင်းရန်ပင် ပြောခဲ့သည်။

တစ်ဆက်တည်း ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၆ နာရီတွင် သမိုင်းရပ်ကွက်အား မြန်မာ့ တပ်မတော်က စိန်ပြောင်း၊ စက်သေနတ်များဖြင့် တိုက်ခိုက်ပြန်ရာ မင်္ဂလာဒုံရှိ ဗိုလ်မှူးအောင်စိန် ဦးစီးသော အမြောက်တပ်နှင့် မင်္ဂလာဒုံ အချက်ပြဆက်သွယ်ရေးတပ်မှ ကရင်တပ်မှူးတပ်သားအားလုံး ပူးပေါင်းလိုက်ပြီး ခဝဲခြံရှိ ကရင်အရပ်သားများအား ကယ်တင်နိုင်ရန်အတွက် ဖဆပလ၏ ဖိနှိပ်ကျူးကျော်စစ်ကို စတင်ခုခံရာမှ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ ကရင့်ခုခံစစ် စတင်ပေါ်ပေါက်ခဲ့သည်။

ထိုနေ့ နံနက် ၈ နာရီတွင် အင်းစိန်တစ်မြို့လုံးကို ကရင်တပ်များသိမ်းပိုက်နိုင်ခဲ့သဖြင့် အင်းစိန်ကရင် လူထုများ၏ဘဝသည် လုံခြုံမှုရသွားခဲ့သည်။ တွံတေးမြို့ကိုလည်း ကရင်တပ်များထိန်းချုပ်နိုင်ပြန်ရာ ဖဆ ပလအစိုးရအား ၇မိုင်အစိုးရဟုပင် ကမ္ဘာက ခေါ်ခဲ့ကြသည်။ ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေး ပြတ်တောက်နေသည့် ဖဆပလအစိုးရသည် KNU အား တိုက်ခိုက်ရန် ဗကပနှင့် စေ့စပ်ရာ မအောင်မြင်သဖြင့် ဦးနုက စောဘဦးကြီးအား ငြိမ်းချမ်းရေးစကား ကမ်းလှမ်းခဲ့သည်။ ၎င်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဖဆပလ က KNU အား လက်နက်ချရန်၊ စောဘဦးကြီးအား “ကရင်ပြည်နယ်အရေးကိစ္စ လေ့လာစုံစမ်းရေး ကော်မရှင်” တွင် တာဝန်ပေးရန် ပြောကြားခဲ့ရာ KNU က “ကရင်ပြည်နယ်အရေးကြောင့်သာ စစ်ဖြစ်နေရခြင်း”ကို တင်ပြ ထားပြီး ကရင်ပြည်နယ်အရေးကိစ္စ ပြေလည်လျှင် စစ်ဖြစ်ရန်ပင်မလို။ မရေရာ မသေချာသည့် ဖဆပလ၏ ငြိမ်းချမ်းရေးစကားကို KNU က လက်မခံသဖြင့် စစ် ဆက်လက် ဖြစ်ပွားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကာလအတွင်း ဦးနု၏ ကြိုတင်အကူအညီတောင်းခံမှုကြောင့် ရန်ကုန်ဆိပ် ကမ်းတွင် အိန္ဒိယမှ စစ်သင်္ဘောနှစ်စင်း ရောက်ရှိလာခဲ့သည်။ သင်္ဘောဝမ်းဗိုက်အောက်တွင်ပါလာသည့် စစ်လက်နက်ပစ္စည်းများကို သတင်းမှောင်ချထားပြီး အပေါ်တွင် ဗောဓိညောင်ပင်နှင့် ဓာတ်တော်များကို ပြသ ထားခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစမစ်ဒွန်းကိုလည်း အနားပေးပြီး ဗိုလ်နေဝင်းကို အစားထိုးခဲ့ သည်။ ဦးစီးချုပ်သစ် ဗိုလ်နေဝင်းက အမေရိကန်၊ အင်္ဂလန်နိုင်ငံများသို့ စစ်မစ်ရှင်သွားခဲ့ပြီး အကူအညီတောင်း ရာ ရရှိသည့် လက်နက်မျိုးစုံ၊ အမိုးဖွင့်သံချပ်ကာ(ချိန်းပက်လက်) အစီး ၂၀၀၊ အင်းတော်၊ အင်းလေး၊ အင်းမ၊ အင်းယား စစ်ရေယာဉ် ငါးစင်းတို့ဖြင့် ပြည်တွင်းစစ်ကို အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့တွင် စတင်ခဲ့သည့် ကရင့်ခုခံစစ်မှာ ခံစစ်သေဖြစ်နေ၍ မိမိသေ တွင်းဖြစ်သည်ဟူသော စစ်ဗျူဟာအရ မေလ ၂၂ရက်နေ့တွင် အင်းစိန်မှ ဆုတ်ခွာ၍ ခုခံစစ်ကို ဆက်လက် ဆင်နွှဲခဲ့ရသည်။

၁၉၆၀ ခုနှစ် ဗိုလ်နေဝင်း အိမ်စောင့်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကမ်းလှမ်းခဲ့ရာ KNU မှ အောက်ပါကိုယ်စားလှယ်များဖြစ်သော
၁။ ဗိုလ်ချုပ်ကျော်မြသန်း
၂။ စကောလယ်တော
၃။ ပဒိုဖိုးညော
၄။ ဗိုလ်ကျင်ဖေ
၅။ ဗိုလ်မြစိန် တို့ လာရောက်ခဲ့သည်။
ဗိုလ်နေဝင်း အိမ်စောင့်အစိုးရမှ
၁။ ဗိုလ်အောင်ကြီး
၂။ ဗိုလ်မောင်မောင်
၃။ ဗိုလ်အောင်ရွှေ တို့ပါဝင်ပြီး လေ့လာသူအဖြစ် ဗိုလ်ဘဖြူ၊ ဗိုလ်စံကြည်၊ ဗိုလ်မောင်လွင် တို့ ပါဝင်ကြ သည်။

KNU ဘက်မှ မိမိတို့ “နိုင်ငံရေးမူ”ဖြစ်သော “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပြည်နယ် များဖြင့် ဖွဲ့စည်းသည့် ပြည်နယ်ပေါင်းစု ပြည်ထောင်စုမူ”ကို တင်ပြရာ အိမ်စောင့်အစိုးရက လက်နက်ချပြီး လွှတ်တော်တွင်း ဝင်ရောက်ကြရန်သာ ဖြေကြားခဲ့ရာ ၄၇ အခြေခံဥပဒေအတွင်း မဖြစ်နိုင်သဖြင့် လေးကြိမ် တိတိ ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ဒုတိယအကြိမ် ဆွေးနွေးပွဲလည်း ပျက်ခဲ့ရာ ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားခဲ့သည်။

၁၉၆၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် အစိုးရက တောတွင်းလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး ကမ်းလှမ်းရာ မဒညတ ကိုယ်စားလှယ်များဖြစ်သော မန်းဘဇန်၊ စကောလယ်တော၊ ဗိုလ်ကျင်ဖေ၊ ဗိုလ်သန်း အောင်၊ နိုင်ဘလွင်၊ နိုင်ထင်၊ နိုင်တက်ထွန်း၊ စောမော်ရယ်၊ ဗိုလ်စံလင်း၊ ဆလိုင်းစံအောင်၊ ဆလိုင်းသာဦး၊ ရဲဘော်ဌေး၊ သခင်ဇင်၊ သခင်တင်ထွန်း၊ ရဲဘော်အောင်ကြီး၊ ဗိုလ်ဇေယျ စသည့် ကိုယ်စားလှယ် ၁၆ ဦး လာ ရောက်ကြသည်။ ပထမအကြိမ် အောက်တိုဘာလ ၈ရက်နှင့် ဒုတိယအကြိမ် အောက်တိုဘာလ ၁၀ရက်တို့ တွင် တော်လှန်ရေးကောင်စီနှင့် မဒညတတို့ ဆွေးနွေးကြပြီး မဒညတဘက်မှ အပစ်အခတ်ရပ်စဲရေး ၁၂ချက် ကို တင်ပြခဲ့ပါသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ဆွေးနွေးပွဲတွင် အစိုးရဘက်မှခေါင်းဆောင် ဗိုလ်မှူးကြီးလှဟန်က မဒညတအား စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ ဆက်ကြေးကောက်ခံသည့်ကိစ္စ ခွင့်မပြုနိုင်ကြောင်း၊ မဒညတကို စင်ပြိုင်အစိုးရအနေဖြင့် ခွင့်မပြု၊ ဆွေးနွေးဖက် နိုင်ငံရေးအဖွဲ့သဘောသာ သဘောထားပြီး အောက်တိုဘာလ၊ ၂၉ ရက် ပဉ္စမအကြိမ် အစည်းအဝေးတွင် မဒညတ လိုက်နာရန် စည်းကမ်းချက်များ သတ်မှတ်ပြောဆိုခဲ့ပါ သည်။
၎င်းတို့မှာ-
(၁) မဒညတအဖွဲ့ဝင်အားလုံး နေထိုင်ရာဒေသကို တော်လှန်ရေးကောင်စီသို့ အသိပေးရန်။
(၂) မဒညတအဖွဲ့ဝင်များ စုစည်းနေထိုင်ရန် တော်လှန်ရေးကောင်စီက သတ်မှတ်ပေးမည်။
(၃) မဒညတအဖွဲ့ဝင်များ စုဝေးရန်နေရာသို့ သတ်မှတ်ချိန်အတွင်း ရောက်ရန်။
(၄) မဒညတအဖွဲ့ဝင်များ နေရာတစ်ခုခုသို့ သွားရောက်လိုပါက အစိုးရခွင့်ပြုချက်ဖြင့် အစိုးရအကူအညီ ဖြင့်သာ သွားရောက်ရန်။
(၅) အပစ်အခတ်ရပ်စဲထားသောကာလအတွင်း မဒညတမှ အစိုးရလုပ်ငန်းနှင့် ပြည်သူလူထုအား နှောင့်ယှက်ခြင်း မပြုရန် တို့ဖြစ်သည်။

ထိုကဲ့သို့သော ဆွေးနွေးပွဲအခြေအနေများကြောင့် နိုဝင်ဘာ ၁၄ရက်နေ့၊ ည ၆နာရီတွင် တော်လှန် ရေးကောင်စီနှင့် မဒညတ တို့ ဆွေးနွေးပွဲ ရပ်စဲခဲ့သည်။
၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၉၆ ခုနှစ်အထိ KNU နှင့် နဝတတို့ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ KNU သည် မြန်မာပြည်၏ နိုင်ငံရေး လိုအပ်ချက်ဖြစ်သော “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစု ပြည်ထောင်စု ဖွဲ့စည်းရန်” တင်ပြခဲ့သည်။

မာနယ်ပလောကျဆုံးပြီးနောက် အသစ်ပြန်လည်တည်ဆောက်သည့် မာနယ်ပလောစခန်းသစ်သို့ ငြိမ်းချမ်းရေးစကား ကမ်းလှမ်းရန် ဦးတီခွန်မြတ်၊ ဦးအေစိုးမြင့်၊ စောထွန်းအောင်ချိန်၊ သိက္ခာတော်ရဆရာ တော် စောမာဂေကြီး၊ ပါမောက္ခ ဟန်ဆင်တာဒေါတို့ ရောက်လာခဲ့သည်။ KNU အား “အမျိုးသားညီလာခံသို့ တက်ရောက်လေ့လာရန်၊ သဘောတူပါက လက်နက်ချမည်ဟု ကြိုတင် ကတိပြုရန်” ပြောကြားရာ KNU က “ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အလွတ်သဘောနှင့် တရားဝင်သဘောတွေ ဆွေးနွေးခဲ့တာတွေရှိကြောင်း၊ အခု ဆွေးနွေးပွဲ သဘောမတူရင် KNU ကို တိုက်မှာလား”ဟု မေးရာ “ကျွန်တော်တို့က ကကလှမ်းက လွှတ် တာ၊ တိုက်တာ မတိုက်တာက ကကကြည်း အလုပ်”ဟု ပြန်ဖြေခဲ့သည်။

NCA ထိုးပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ သဘောတူညီမှုများသည်လည်း ဥပဒေသက်ရောက်မှုစွမ်း အား (Legal Force) ရှိရန်၊ သဘောတူညီမှုကို တစ်ဘက်ဘက်က မလိုက်နာလျှင် အရေးယူဆောင်ရွက်ခွင့် (Enforcement) ရှိရန်အတွက် ကြားခံ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုခု ပါဝင်ရန် KNU က အမြဲတောင်းဆို လေ့ရှိသော်လည်း တစ်ဘက်ဆွေးနွေးဘက်မှ မလိုက်နာသည့်အပြင်
(က) တစ်ခုတည်းသော တပ်မတော်တည်ရှိမှုကို လက်ခံရန်။
(ခ) ပြည်ထောင်စုမှ ခွဲထွက်ခြင်း မပြုရန်
စသည့် ကြိုတင်ဟန့်တားမှုပြုခြင်းကြောင့် ဆွေးနွေးပွဲ ရပ်တန့်ခဲ့ရသည်လည်း ရှိသည်။

မြန်မာနိုင်ငံကဲ့သို့ လူမျိုးစုံနေထိုင်သော Multi Nation State နိုင်ငံမျိုးတွင် လူမျိုးတစ်မျိုးနှင့်တစ်မျိုး လွှမ်းမိုးမှုမရှိရန်၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြင့် ပြည်နယ်များပေါင်းစုပြီး Coming Together စနစ် အရ ပြည်ထောင်စုဖွဲ့စည်းရမည် ဆိုသည်မှာ KNU ၏ အခြေခံမူ ဖြစ်သည်။ လူမျိုးစုံနေထိုင်သည့် နိုင်ငံများ တွင် လူမျိုးတစ်မျိုးနှင့်တစ်မျိုး လွှမ်းမိုးပါက နိုင်ငံတည်ငြိမ်မှုကင်းမဲ့ပြီး ပြိုကွဲသည့် ဖြစ်ရပ်များရှိရာ
(၁) ချက်ကိုစလိုဗေးနီးယားမှ ချက်နှင့် စလိုဗက် ခွဲထွက်ခြင်း။
(၂) ယူဂိုစလားဗီးယားမှ ခရိုအေးရှားနှင့် စလိုဗေးနီးယား ခွဲထွက်ခြင်း။
(၃) ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်း။
စသည့် ဖြစ်စဉ်များ အထင်အရှား ရှိနေသည်။

၁၉၅၀ခုနှစ်၊ ဇူလိုင်လ ၃၁ရက်နေ့မှ သြဂုတ်လ ၂ရက်နေ့အထိ ကရင်နီပြည် မော်ချီးဒေသ လိုခါးလိုရွာ KNU အသံလွှင့်ရုံမှ KNU ၏ အခြေခံသဘောတရားဖြစ်သော
၁။ လက်နက်ချစကား အလျင်းမပြောရ။
For us, surrender is out of question.
၂။ ကရင်လက်နက် ကရင့်လက်ထဲတွင် ရှိရမည်။
We shall retain our arms.
၃။ ကရင်ပြည်အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည်။
The recognition of the Karen State must be completed.
၄။ ကရင့်နိုင်ငံရေးကံကြမ္မာ ကရင်ဖန်တီးရမည်။
We shall decide our own political destiny.

စသည့် မူ (၄)ချက်ကို ကရင်၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာဖြင့် ကမ္ဘာကို ကြေညာထားပြီး ဖြစ်သည်။ KNU သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလို၍ NCA လက်မှတ်ရေးထိုးပြီး ဆက်လက်ဆွေး နွေးခဲ့သည်။ သို့သော် UPDJC သည် နှစ်ဘက် ဆွေးနွေးချက် တင်ပြမှုများကို ထိန်းသိမ်းညှိနှိုင်းရန် ဖြစ်သော် လည်း ဆွေးနွေးမှုတစ်ခုလုံးကို လွှမ်းမိုးနေခြင်း၊ ဥပမာ – ဖက်ဒရယ် ပြည်ထောင်စုကို ဆွေးနွေးတင်ပြသော် လည်း UPDJC က လူနည်းစုအခွင့်အရေး၊ ကျားမ တန်းတူရေး စသည်တို့ကိုသာ ခွင့်ပြုခြင်း၊ အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန်ကိုလည်း နည်းအမျိုးမျိုးဖြင့် ဟန့်တားခြင်း စသည်တို့ကြောင့် NCA လက်မှတ်ထိုး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှေ့မတိုးဘဲ အချိန်ကုန်နေခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ဆိုရာမှာ လည်း နိုင်ငံနှင့်ကိုက်ညီသည့် ဖက်ဒရယ်မျိုးကိုသာ ခွင့်ပြုနိုင်မည်ဆိုခြင်းသည် မည်သည့်ဖက်ဒရယ်မျိုးဖြစ် ကြောင်း သဲသဲကွဲကွဲ မဖော်ပြထားခြင်းသည်လည်း မြန်မာ့နည်းဖြင့် ဆိုရှယ်လစ်လမ်းစဉ် အတွေ့အကြုံရှိခဲ့ပြီး ဖြစ်ခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံတည်ဆောက်မှုပင် မဆွေးနွေးရဘဲ ငြိမ်းချမ်းရေး ဇာတ်မျောနေ ခြင်းတို့ကြောင့် ဆွေးနွေးဘက်အဖွဲ့အစည်းများမှ ဒရွတ်တိုက် အလျှော့ပေးလိုက်နေရခြင်းသည် ငြိမ်းချမ်းရေး ဝေးနေသေးခြင်းပင် ဖြစ်သည်။ KNU တွင်ရှိပြီးသား ကမ္ဘာကိုကြေညာခဲ့သည့် အခြေခံမူ (၄)ချက်ကို စွန့်လွှတ် ပြီး ငြိမ်းချမ်းရေးဆက်လက်တည်ဆောက်နေကြသော အချို့ခွဲထွက်ကရင်အဖွဲ့များသည် မိမိနိုင်ငံရေးရည်မှန်း ချက်ကို အခွင့်အရေးတစ်ခုခုနှင့် လဲလှယ်လိုက်ခြင်းပင် ဖြစ်သည်။

၁၉၅၀ခုနှစ်၊ ဇူလိုင် ၁၇-၁၉ ရက်နေ့ ဖာပွန် ကော်သူးလေကွန်ဂရက်တွင် KNU ဥက္ကဋ္ဌကြီး စောဘဦးကြီးက –
၁။ ကရင့်တော်လှန်ရေးသည် ပထမဦးဆုံးဖြစ်၍ နောက်ဆုံးလည်းဖြစ်ရမည်။
၂။ တော်လှန်ရေးခေါင်းဆောင်တွေ လည်စင်းမခံသရွေ့ ကရင့်တော်လှန်ရေး ဘယ်တော့မှ မရှုံးနိုင်။
၃။ ကရင်တော်လှန်ရေးအောင်မြင်ရန် နည်းလမ်း သုံးသွယ်ရှိခြင်း။
(က) စေတနာအလျောက်ပေး၍ ရရှိခြင်း (Voluntary Gift)
(ခ) အောင်ပွဲဖြင့် ရရှိခြင်း (Rights of Conquest)
(ဂ) နိုင်ငံတကာအခြေအနေ တွန်းဆော်မှုကြောင့် ရရှိခြင်း (Force of Circumstance)
စသည်တို့ကို လမ်းညွှန်ခဲ့ပြီး ဖြစ်သည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် မူ ရှိသော်လည်း မိမိအမျိုးသားရေး ရည်မှန်းချက် ကို စွန့်လွှတ်သည့် ငြိမ်းချမ်းရေးသည် ယာယီသာဖြစ်နိုင်ပြီး ထာဝရငြိမ်းချမ်းရေး မဖြစ်နိုင်သဖြင့် “မတရားမှု တွေ ဥပဒေဖြစ်လာတဲ့အခါ ပုန်ကန်မှုဆိုတာ တာဝန်တစ်ရပ်ဖြစ်လာသည်” ဆိုသော သောမတ်ဂျက်ဖာဆင်၏ စကားအရ “စစ်ကိုမုန်း၍ တိုက်နေရသည်”ဟု ပြည်သူအားလုံးကို စာရေးသူ တိုင်တည်လိုက်ရပါသည်။

ကိုးကား –
# ဖူးကီးဒို၏ မန်းဘဇန်နှင့် ကရင့်တော်လှန်ရေး စာအုပ်
# ဖူးစကောလယ်တော၏ ကရင့်တော်လှန်ရေးသမိုင်း
>