ဇွန်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြဝတီမှ ကော့ကရိတ်သို့ ရွာချင်းဆက်လမ်း၊ တောလမ်းများသုံး၍ ဖြတ်သန်းသွားလာနေရသော မော်တော်ယာဥ်ငယ်များအား ယမန်နေ့ ဇွန်လ(၂၇)ရက်နေ့ ညနေပိုင်းမှစ၍ လက်ရှိအချိန်ထိ ကော့ကရိတ်မြို့တွင်းသို့ စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်ပေးနေပြီဖြစ်သည်ဟု ကော့ကရိတ်မြို့ခံများက ပြောသည်။
ထို့ကော်ကိုးလမ်းကဲ့သို့ ဒေါနတောင်ကြောလမ်းများ ပျက်စီးသဖြင့် လမ်းဟောင်းမှတဆင့် အသွားအလာပြုလုပ်နေရသော မော်တော်ယာဥ်များအားလုံးမှာ ယမန်နေ့မတိုင်ခင်အထိ ကော့ကရိတ်မြို့တွင်းမှတဆင့် ဖြတ်သန်းသွားလာခွင့်မရသဖြင့် ရန်ကုတ်-နဘူး-မြပတိုင်-ကျုံဒိုး စသည့်ရွာချင်းဆက်လမ်းများမှ ကွေ့ပတ်သွားလာနေရခြင်းဖြစ်သည်။
၎င်းနောက် ယမန်နေ့ ညနေ(၅)နာရီခန့်မှစ၍ မြဝတီမှဆင်းလာသော မော်တော်ယာဥ်လေးများ ကော့ကရိတ်မြို့အတွင်း ဖြတ်သန်းသွားလာနေသည်ကို တွေ့ရှိရပြီး ယနေ့အချိန်ထိလည်း အလားတူသာ သွားလာခွင့်ပေးထားကြောင်း ကော့ကရိတ်မြို့ခံနှင့်ယာဥ်မောင်းများက ပြောသည်။
ကော့ကရိတ်မြို့ခံအမျိုးသားတစ်ဦးက “မနေ့က ညနေ (၅)နာရီလောက်ကတည်းက ကားသေးတွေ မြဝတီဘက်က ဆင်းလာတာတွေ့လိုက်တယ် အတက်ယာဥ်တွေသွားတာတော့မတွေ့ဘူး။ အဆင်းတွေပဲတွေ့သေးတယ်။ တံတားကျိုးဂိတ်ကနေ ပေးဖြတ်ပြီ လမ်းဖြောင့်အတိုင်းပေါ့” ဟု ၎င်းက ယနေ့မနက်တွင် ကေအိုင်စီသို့ ပြောသည်။
မြို့တွင်းမှ ပြန်လည်ဖြတ်သန်းခွင့်ရသဖြင့် ယခင်ကထက် အချိန်ကုန်သက်သာသွားသော်လည်း ကော့ကရိတ်မြို့အတွင်း ပြန်လည်နေရာယူထားပြီး ဂိတ်ကြေးကောက်ခံနေသော စစ်ကောင်စီတပ်ဂိတ်များကြောင့် ငွေကြေးပိုမိုကုန်ကျမှုရှိနေသည်ဟု ကိုယ်တိုင်ကြုံတွေ့နေရသော ယာဥ်မောင်းအချို့၏ ပြောပြချက်အရ သိရသည်။

“တံတားကျိုးဂိတ်မှာက အရင်ကတည်းကပုံမှန်ကောက်တဲ့အဖွဲ့တွေပဲ စစ်တပ်ဘက်က အကောက်ခွန်တို့ ရဲတို့ မူးယစ်တို့ အစုံပဲ။ အဲဒီဇုန်ထဲမှာ တစ်သိန်းလေးသောင်းပေးရတယ် မြို့ထဲမှာ ဂိတ်(၄)ဂိတ်လောက်ရှိတယ် တစ်ဂိတ်ကို တစ်သောင်းတစ်သောင်း ပေးရတယ်။ နှစ်သိန်းလောက်ကုန်သွားပြီ။ ရွာချင်းဆက်လမ်းမှာတောင် ဒီလောက်မကုန်ဘူး။ လမ်းကတော့တိုပြီးကောင်းသွားပေမယ့် ပိုက်ဆံတအားကုန်တယ်” ဟု ယာဥ်မောင်းနှင်သူ တစ်ဦး က ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ တတိယပတ်မှစ၍ ယာဥ်များအား ကော့ကရိတ်မြို့အထွက် တံတားကျိုးရွာ စစ်ကောင်စီဂိတ်မှတဆင့် မြို့တွင်းပြန်လည်ဖြတ်သန်းခွင့်ပေးမည် ဖြစ်ကြောင်း ကောလဟလများ ပေါ်ထွက်ခဲ့သော်လည်း ၆ ဘီးနှင့်အထက် မော်တော်ယာဥ်ကြီးများမှာ လက်ရှိအချိန်ထိ သွားလာခွင့်မရသေးဟု မော်တော်ယာဥ်မောင်းနှင်သူများက ပြောသည်။
ထို့အတူ စစ်ကောင်စီက နယ်ခြားစောင့်တပ်-BGF၊ ငြိမ်းချမ်းရေးကောင်စီ-PC ၊ မွန်ငြိမ်းချမ်းရေးအဖွဲ့မှ လက်နက်ကိုင်အချို့နှင့်ပူးပေါင်း၍ ကော့ကရိတ်-ကျုံဒိုး အာရှလမ်းပိုင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ မစိုးမိုးနိုင်ရေး လမ်းတစ်လျှောက် ကျေးရွာများတွင် ဂိတ်ချထား၍ စစ်ဆေးမှုပိုမိုလုပ်ဆောင်နေကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။



















