စက်တင်ဘာ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောအူး/တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန်ရောက်သော်လည်း ဝယ်ယူသူရှားပါးနေခြင်းနှင့် ယခင်နှစ်ကထက် ဖာလာစျေးနှုန်းများ ထိုးကျသွားခြင်းကြောင့် အရင်းပြန်မရဘဲ စားဝတ်နေရေးအခက်အခဲတွေ့နေကြောင်း ဖာလာစိုက်တောင်သူများက ပြောသည်။
နှစ်စဥ် ဩဂုတ်လမှ အောက်တိုလအတွင်းကာလသည် ဖာလာဆွတ်ခူးရောင်းချ၍ရသည့် ရာသီအချိန်အခါဖြစ်ပြီး သံတောင်ကြီးတွင် ဖာလာများကို တောင်ငူမြို့ရှိပွဲရုံများသို့ တင်ပို့ကာ အဓိကဝယ်လက် တရုတ်နိုင်ငံဘက်သို့ တဆင့်တင်ပို့ရောင်းချကြခြင်းဖြစ်သည်။
သို့သော် တစ်နှစ်ထက်တစ်နှစ် ဝယ်ယူသူမရှိတော့သလောက် ရှားပါးလာသလို ယခင်နှစ်က ဖာလာစျေးနှုန်း ကျပ် (၁၈,၀၀၀) ရခဲ့သော်လည်း ယခုနှစ်တွင် (၁၂,၀၀၀)အထိ ဈေးထိုးကျသွားသည်ဟု သံတောင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အရင် ဖာလာစျေးကောင်းတုန်းက ဝယ်လက်များတယ်။ အခုနှစ်ပိုင်းကတော့ ဝယ်လက်မရှိတော့ဘူးပြောရမယ်။ တရုတ်ဖက်ကိုပို့ပေးတဲ့ဝယ်လက်တွေက မနှစ်က အကုန်မပို့ဘဲကျန်နေတော့ ဒီနှစ်ထပ်မဝယ်ပေးတော့ဘူးလေ” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ထိုအခြေအနေတွင် ဖာလာစိုက်တောင်သူများအတွက် ငွေရင်းပင်ပြန်မရတော့သလို ဒေသအတွင်း အထွေထွေကုန်စျေးနှုန်းများ မြင့်တက်လာခြင်းကြောင့်ပါ စားဝတ်နေရေး ပိုမိုကျပ်တည်းလာကြောင်း သိရသည်။
သံတောင်ရှိ ဖာလာစိုက်သူ အမျိုးသားတစ်ဦးက “ဖာလာဈေးက ကျ၊ မနှစ်ကဟာတွေတောင် အခုထိမပို့နိုင်၊ မရောင်းနိုင်သေးဘူး။ ကုန်စျေးနှုန်းတွေကလည်း တစ်ရက်ထက်တစ်ရက် ပိုတက်လာပြီ။ အရင်က ဖာလာ ၁ ပိဿာ ဝက်သား ၃ ပိဿာဆိုရင် အခုက ဖာလာ ၅ ပိဿာ ဝက်သား ၁ ပိဿာဖြစ်နေပြီ” ဟု ကေအိုင်စီကို ပြောသည်။
ထို့အပြင် ဒေသထဲတွင် နိုင်ငံရေး၊ စီးပွားရေးအခြေအနေကြောင့် လူငယ်အများစု နေရပ်စွန့်ခွာရမှုများပြားနေ၍ မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်သမားအင်အား ရှားပါးသွားကြောင်းလည်း ဒေသခံများထံမှ သိရသည်။
တောအူးခရိုင်ရှိဒေသခံများသည် စိုက်ပျိုးရေးအနေဖြင့် တောင်ယာ၊ ဥယျာဉ်ခြံလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် အားထားလုပ်ကိုင်ကြသည်။ လက်ရှိတွင်မူ ဖာလာအပြင် အခြားခြံထွက်သီးနှံ ဈေးနှုန်းလည်း ယခင်ကလောက်ဈေးမရတော့သဖြင့် ထိုဝင်ငွေတစ်ခုတည်းဖြင့်ရပ်တည်ရသည့် မိသားစုများ၏စားဝတ်နေရေး အခက်အခဲ ကြီးကြီးမားမားရှိနေသည်။


















