Home သတင်း သတင်းရယူခွင့် ကန့်သတ်မှုများကြောင့် သတင်းမီဒီယာများမှ စိုးရိမ်ကြောင်း IPCM ထုတ်ပြန်

သတင်းရယူခွင့် ကန့်သတ်မှုများကြောင့် သတင်းမီဒီယာများမှ စိုးရိမ်ကြောင်း IPCM ထုတ်ပြန်

411
Photo: The Guardian

ဧပြီလ ၂၇ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU မှ ယခု ဧပြီလ ၁၆ ရက်နေ့ နှင့် ၂၁ ရက်နေ့တွင်ထုတ်ပြန်လိုက်သည့် သတင်းရယူခွင့်အပေါ် ကန့်သတ်ချက်များကြောင့် သတင်းမီဒီ ယာများအနေဖြင့် စိုးရိမ်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)က ယမန်နေ့ ဧပြီလ ၂၆ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

အဆိုပါ အဖွဲ့အစည်း ၂ ခုမှထုတ်ပြန်လိုက်သည့် သတင်းနှင့် ပြန်ကြားရေးဆိုင်ရာ မူဝါဒ နှင့် ကျင့်ဝတ်စည်းကမ်း များတွင်ပါဝင်သည့် အချက်အလက်အချို့သည် သတင်းသမားများ၏ လုံခြုံရေးနှင့်သတင်းလွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်နေသည့်အတွက်ကြောင့် မြန်မာသတင်းမီဒီယာ နှင့် သတင်းထောက်များအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း IPCM ကဆိုသည်။

ထိုသို့ နယ်မြေဒေသအတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မီဒီယာသမားများအကြားပွတ်တိုက်မှု အခြေ အနေမှ ရှောင်ရှားနိုင်ရန် အပြင် သတင်းသမားများအတွက်အန္တရယ်ရှိနိုင်သည့် အခြေအနေ မဖြစ်ပေါ်လာစေ ရေးအတွက် ယခုလို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု IPCM၏ ဥက္ကဌ နန်းဖော့ဂေ က ပြောသည်။

၄င်းက “ မြန်မာနိုင်ငံမှာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတိုင်းမှာ သတင်းရယူစုဆောင်းရတဲ့ သတင်းသမားတွေ၊ မီဒီယာတွေအတွက် လုံခြုံရေးအရအကာအကွယ်မရှိတာတွေဖြစ်မှာကို IPCM ကစိုးရိမ်တယ်။ ကရင်နီနဲ့ ကရင် ဒေသတွေမှမဟုတ်ဘူး။ အခြားတိုင်ရင်းသားဒေသတွေနဲ့ တိုင်းဒေသတွေမှာလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေ နဲ့ မီဒီယာသမားတွေပွတ်တိုက်မှုတွေကနေ အန္တရာယ်ရှိမှုတွေ မဖြစ်စေချင်လို့ အာမခံချက်တစ်စုံတစ်ရာရှိအောင် တိုက်တွန်းထုတ်ပြန်ရတာ ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့နောက် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ရည်မှန်းထားသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် လည်း သတင်းမီဒီယာလွတ်လပ်ခွင့် စံနှုန်းများ၊ တန်းဖိုးများကို လေးစားလိုက်နာပြီး ကျင့်သုံးရန် အလေးအနက် တိုက်တွန်းလိုကြောင်းလည်း IPCM က ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

IPCM ၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ကရင်နီဒေသအခြေစိုက် အမျိုးသမီးသတင်းထောက်တစ်ဦးက “ဒီလိုထုတ်ပြန်ချက်အပေါ်မှာ ပထမဆုံးအနေနဲ့ကြိုဆိုတယ်။ IPCM ဆိုတာက မီဒီယာအစုအဖွဲ့တွေကို ကိုယ်စား ပြုတဲ့ ကောင်စီဖြစ်တယ်။ မီဒီယာတွေရဲ့ ကိုယ်စားပြုမှုအသံတွေကို ထုတ်ဖော်ပေးတယ်လို့မြင်တယ်။ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကို တော်လှန်ရေးအဖွဲအစည်း အုပ်ချုပ်ရေးတွေလည်း နားလည်ထားရင်တော့ အကောင်းဆုံးလို့ မြင်ပါတယ်။ အပြန်အလှန်‌ထိန်းကျောင်းဖို့က လက်ရှိမှာ အရေးကြီးဆုံးပါပဲ” ဟု ကေအိုင်စီ သို့ ပြောသည်။

လက်ရှိတော်လှန်ရေးကာလတွင် သတင်းစီးဆင်းမှုသည် အရေးပါနေသလို တစ်ဖက်အဖွဲ့အစည်းများ၏ လုံခြုံ ရေးအရ ကန့်သတ်ထားသည့် အခြေအနေများကိုလည်း သတင်းဌာန အသီးသီးအနေဖြင့် ၎င်းတို့လိုက်နာရမည့် သတင်း ကျင့်ဝတ်များကို အလေးထားရန်လိုအပ်ကြောင်း အဆိုပါ အမျိုးသမီး သတင်းထောက်က ဖြည့်စွက် ပြောသည်။

သတင်းမီဒီယာများအနေဖြင့် နယ်မြေအတွင်း သတင်းရယူလျှင် ခွင့်ပြုချက်ကြိုတင်ရယူခြင်း၊ သတင်းဌာန အမည် သတင်းထောက်ကဒ် သတင်းသွားယူမည့်နေရာနှင့် ရယူမည့်အကြောင်းအရာအပြင်အခြားသော ဆက်စပ်သည့် လိုက်နာရမည့်စည်းကမ်းချက် နှင့် စည်းကမ်းချက်များမလိုက်နာလျှင် အရေးယူဆောင်ရွက် သွားမည့် သတင်းရယူခွင့်ဆိုင်ရာ စည်းကမ်းချက်များကို ဧပြီလ ၂၁ ရက်နေ့တွင် ကေအဲန်ယူ ဗဟိုက ထုတ်ပြန် ခဲ့သည်။

အလားတူ ကရင်နီပြည်နယ်သို့ သတင်းရယူရန်ရောက်ရှိလာသော အလွတ်တန်းသတင်းထောက်အပါအဝင် ပြည်တွင်းပြည်ပရှိမီဒီယာများ လိုက်နာဆောင်ရွက်ရမည့် အချက် (၈) ချက်ပါ ညွှန်ကြားချက်ကိုလည်း ဧပြီလ ၁၆ ရက်နေ့က IEC မှ ထုတ်ပြန်ခဲ့သည်။

IPCM အနေဖြင့်လည်း သတင်းသမားများ စောင့်ထိန်းအပ်သည့် ကျင့်ဝတ်ကို လိုက်နာကျင့်သုံးရန် တိုက်တွန်း နှိုးဆော်ပြီး မိမိကိုယ်ကို ထိန်းကျောင်းကြပ်မတ်ရေးစနစ်ကိုလည်း ရေးဆွဲပြဌာန်းထားကာ သတင်းသမားတိုင်း လိုက်နာသင့်သည့် ကျင့်ဝတ်ကို လာမည့် မေလ ၃ရက်နေ့တွင် ထုတ်ပြန်သွားရန်ရှိသည်ဟုလည်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

လွတ်လပ်ခွင့်မြှင့်တင်ရန်၊သတင်းသမားများ လုံခြုံရေးနှင့်အကာအကွယ်ရရှိရန် ၊ဒေသအတွင်း နှင့်နိုင်ငံတကာ သတင်းမီဒီယာကောင်စီများ နှင့် တရားဝင်ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ (Independent Press Council Myanmar-IPCM) ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် တရားဝင်အတည် ပြုဖွဲ့စည်းခဲ့သည်။