ဧပြီလ ၂၆ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲရှိ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦးကို တော်လှန် ရေးအင်အားစုများက ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် ၂ ဦးမှာ လက်နက်လုယူ ထွက်ပြေးသောကြောင့် ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း ဒေါနစစ်ကြောင်းက ဧပြီလ ၂၅ ရက်၊ ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းစနစ်အကောင်အထည်ဖော်ရန် တပ်သားသစ်စုဆောင်းခြင်းနှင့် အရပ်သား ပြည်သူ များအား လက်နက်ကိုင်ခြိမ်းခြောက်ခြင်းများပြုလုပ်နေသည့် အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီး စစ်ဆေး ခဲ့ပြီးနောက် ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့မှာ သိမ်းဆည်းထားသည့် လက်နက်များကို လုယူကာပစ်ခတ်ခြင်းကြောင့် နှစ်ဦးစလုံးကို ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း ဒေါန စစ်ကြောင်း၏ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းက “ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းလူဦးရေ အနှစ်ချုပ်စာရင်းတွေ အရွယ်ရောက်ပြီး သားသူတွေ ဖောင်ဖြည့်ဖို့ စာရွက်တွေလုပ်ပေးနေတဲ့သူတွေဖြစ်ပါတယ်။ စကစရဲ့ထောက်တိုင် တွေဖြစ်တယ်။ စာရွက်စာရင်း အရ လူဦးရေက အယောက် ၂၉၈ ဦးရှိတယ်။ ပြည်ခိုင်ဖြိုးပါတီထဲ ဝင်ဖို့အတွက်ကိုလည်း သူတို့စည်းရုံးနေတယ်။ သူတို့တွေကို လက်နက်တွေ ပေးကိုင်ထားတာရှိတယ်။ အဲ့တာတွေကိုလည်း ကျနော်တို့သိမ်းဆည်းလိုက်ပါပြီး”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် အတွက် ပြည်သူများမှ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များထံသို့ တိုင်ကြားခဲ့ခြင်းကြောင့် ယခုလို စစ်ဆေးမှုများ ပြုလုပ်ပြီး ရှင်းလင်းခဲ့ရကြောင်းလည်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲထံမှ M4 Carbine ၂ လက်၊ ကိုးလုံးပြောင်းချော သေနတ် ၂လက်၊ 380 ပစ္စတို ၂လက်၊ ကိုးလုံးအတို ၁ လက်၊ (.23) အတို ၁လက်၊ တူမီး ၁လက်၊ လက်ပစ်ဗုံး ၄ လုံး ၊ (5.56)ကျည် ဘောက် ၄ ခု၊ 5.56 ကျည် (၃၈၅) တောင့်၊ ကိုးလုံးကျည် ၄၇ တောင့်၊ 380 ကျည် ၅၀ တောင့်၊ (.23) ကျည် ၄၁ တောင့်၊ ဓါးတစ်လက်၊ စကားပြောစက် ၃ လုံး၊ စကားပြောစက် အားသွင်းခုံ ၂ ခု၊ Equipment ၁ ခုအပါအဝင် အခြား ဆက်စပ်ပစ္စည်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းခဲ့သည်ဟု ဒေါနစစ်ကြောင်းက ပြောသည်။
၎င်းပြည်သူ့စစ်အဖွဲ့ ဝင် ၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ဒေါနစစ်ကြောင်း)၊ မွန်ပြည်တော်လှန် ရေးတပ် (MSRF)၊ ရေးသိမ်းငှက် (ဒေါနစစ်ကြောင်းလုံခြုံရေးတပ်ခွဲ)၊ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ-KBDF (ဒေါနတပ်ခွဲ (၄) ၊ ထားဝယ်ကာကွယ်ရေးအဖွဲ့-DDT (ဒေါနတပ်ခွဲ (၇)) တို့က ပူးပေါင်း၍ ဖမ်းဆီး စစ်ဆေး မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီတပ်က အသက်သွင်းလိုက်ပြီးနောက် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ထွေအုပ်တာဝန်ရှိသူများက ဒေသအတွင်းရှိ လူငယ်လူရွယ်များ၏ အမည်စာရင်းများကို ကောက်ယူပြီး ဆင့်ခေါ်စာဖြင့်ခေါ်ယူ၍ မဲနှိုက်ခိုင်းကာ စစ်တပ်ထဲသို့ အတင်းအဓမ္မသွပ်သွင်းမှုကို မွန်ပြည်နယ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး တော်တော်များများတွင် ဖြစ်ပွားလျက်ရှိသည်။
အလားတူ မွန်ပြည်နယ်တွင် စစ်ကောင်စီတပ်များကို အဖက်ဖက်မှ ကူညီပေးနေပြီး လက်နက်ကိုင်ဆောင်ကာ ပြည်သူများအပေါ် ငြိမ်းခြောက်မှုများ လုပ်ဆောင်သူမှန်သမျှကို စစ်ကောင်စီတပ်နှင့်နည်းတူ ရန်သူအဖြစ် သတ်မှတ်ကာ အရေးယူသွားမည် ဖြစ်ကြောင်းလည်း မွန်ပြည်တော်လှန်ရေးတပ်-MSRF ၏ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကလည်း ကေအိုင်စီသို့ ပြောဆိုထားခဲ့သေးသည်။



















