လူမျိုးရေးသွေးခွဲမှု ဇာတ်ခုံပေါ်က စစ်ကောင်စီရဲ့ ဂေဘားတပ်မတော်
နမ့်ဆန်းထီ
(၂၆ ဖေဖော်ဝါရီ ၂၀၂၄)
ဂေဘားတပ်မတော်ထဲဝင်တဲ့သူကို လစာလည်းပေး၊ ဆန်လည်းပေးမယ်ဆိုပြီး လိုက်လံစည်းရုံးနေတယ်လို့ ပြောပြလာသူကတော့ တိမ်ပင်လယ်နဲ့နာမည်ကြီးတဲ့ KNU-ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင်၊ တပ်မဟာ (၂) ထိန်းချုပ်ရာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်း သောက်ရေခပ်ချောင်းနားက ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ အသက်(၅၀)ကျော်အရွယ် ဂေဘားကရင်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်တဲ့ အတီးစောစေး (အမည်လွှဲ)ပါ။
စောစေးတို့က ဂေဘားကရင်မျိုးနွယ်စုတွေနေထိုင်ရာ သံတောင်မြောက်ပိုင်းက လိပ်သိုဒေသထဲမှာ တောင် ယာနဲ့ ဥယျာဥ်ခြံစိုက်ပျိုးရေး အလုပ်လုပ်ကြတဲ့ အေးအေးဆေးဆေးသမားတွေ ဆိုပေမယ့် ကိုယ့်တိုင်းပြည်၊ ကိုယ့်နယ်မြေမှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် တစ်နေ့မှ ရတက်မအေးရပါဘူး။
အခုလည်း သူတို့တွေနေတဲ့ တောင်ပေါ်ရွာလေးကို ဂေဘားတပ်မတော်အတွက်လို့ အမည်တပ်ထားတဲ့ လူတစ်စုက စစ်သင်တန်းတက်ဖို့ မက်လုံးပေးစည်းရုံးလာကြတယ်လို့ စောစေးက ပြန်ပြောင်းပြောပြပါတယ်။
“အဲဒီ ဂေဘားတပ်မတော်ထဲဝင်တဲ့သူကို လစာလည်းပေးမယ်။ ဆန်လည်းပေးမယ်။ အဲ့လိုပဲ လိုက်စည်းရုံး တယ်လေ။ ကျနော်တို့ရွာကတော့ ပါမယ့်သူမရှိပါဘူး။ တချို့စိတ်ဝင်စားတဲ့ လူငယ်တွေတော့ ရှိတယ်။ ကျနော်တို့ ရပ်မိရပ်ဖတွေအနေနဲ့က သူတို့ပြောတဲ့စကားတွေကို သုံးသပ်ကြည့်တော့ ကလေးတွေကို ထိန်း ထားတယ်။”လို့ စောစေးက ပြောပါတယ်။
ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို မကြေညာခင် ပြီးခဲ့ တဲ့ ဇန်နဝါရီလပိုင်းကတည်းက လိပ်သိုနယ်မြေမှာ လှုပ်ရှားနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်က ဦးဆောင်ပြီး အဲဒီလို လိုက်စည်းရုံးနေတာဖြစ်တယ်လို့ စောစေးအပါအဝင် လိပ်သိုဒေသခံတွေက ပြောကြားချက်အရ သိရ ပါတယ်။
ကရင်ပြည်နယ်မှာ လူဦးရေ ငါးသောင်း(၅၀,၀၀၀)ကျော် နေထိုင်တဲ့ ဂေဘားကရင်ရွာပေါင်း (၁၄၅)ရွာခန့်ရှိ နေပြီးတော့ နောက်ထပ် ဂေဘားလူမျိုးစုပေါင်း နှစ်သောင်း(၂၀,၀၀၀)ခန့်ကတော့ ကရင်နီပြည်(ကယား) ဘက်မှာ ရွာတွေမှာ ရောက်ရှိနေထိုင်ပါတယ်။
၁၉၅၀ ပြည့်နှစ်တွေတုန်းက ဗမာအစိုးရကော်မရှင်အဖွဲ့ရဲ့ ကရင်မျိုးနွယ်စုတွေအကြောင်း လေ့လာတဲ့ခရီးမှာ သံတောင်ကြီးနယ်မြေအတွင်းက ပဋိပက္ခတွေကြောင့် အဲဒီအဖွဲ့ဟာ ကရင်ပြည်နယ်က ဂေဘားရွာတွေ ဘက်ကို မရောက်တော့ဘဲ ကရင်နီပြည်နယ်မှာရှိနေတဲ့ ဂေဘားအနည်းစုဘက်ကိုသာ ရောက်ရှိသွားတာက နေ ဒီလိုလူမျိုးစုတွေ ကွဲကွာကွဲပြားခဲ့တာပါ။
ဂေဘားလူမျိုးဟာ ကရင်နီ(ကယားပြည်)မှာရှိနေတဲ့အတွက်ကြောင့် ကယားလူမျိုးစုတစ်စုဖြစ်တယ်လို့ အဲဒီကော်မရှင်အဖွဲ့က စာရင်းအစဥ်အဆက်သွင်းလာမိရာကနေ ဂေဘားကရင်နဲ့ ဂေဘားကယားရယ်ဆို ပြီး ခွဲထွက်မှုနဲ့ နှစ်ဖက်ပွတ်တိုက်မှုလေးတွေရှိလာခဲ့တယ်လို့ ဂေဘားကရင်ရေးရာအသင်းဆီက သိရပါတယ်။
အဲဒီပွတ်တိုက်မှုကိုအရင်းခံပြီး သံတောင်ကြီးမြို့နယ်ထဲမှာ ပြည်သူ့စစ်အနေနဲ့ လက်နက်ကိုင်လှုပ်ရှားသူ ဗိုလ် ကျော်ဝေ ဦးဆောင်တဲ့အဖွဲ့က လိပ်သိုဒေသက ဂေဘားကရင်ရွာတွေမှာ တစ်သီးပုဂ္ဂလ ခွဲထွက်နေချင်တဲ့ ဂေဘားမျိုးနွယ်အချို့ကို စစ်တပ်ကြိုးဆွဲမယ့် ဂေဘားတပ်မတော်အတွက် စည်းရုံးရေးဆင်းဖို့ ဦးဆောင်စေ တာဖြစ်တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနဲ့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါ တယ်။
ကေအဲန်ယူနဲ့နီးစပ်သူ တစ်ယောက်က “လိပ်သိုကနေ လွိုင်ကော်ရောက်သွားတော့မှ သီးသန့် ခွဲထွက်ချင်တဲ့ လူတချို့ရှိတယ်။ စစ်တပ်ရဲ့စည်းရုံးရေးအောက်မှာပဲ အဲဒီလူတချို့က လှုပ်ရှားနေတာ။ လိပ်သိုမှာနှစ်ယောက်၊ တောင်ငူမှာ နှစ်ယောက်ရှိတယ်။ စစ်တပ်လူလိုတဲ့နေရာမှာ ပိုပြီးသူတို့အကွက်ထဲ ဝင်သွားတာပေါ့။”လို့ ပြော ပါတယ်။
လက်ရှိ လူစုဆောင်းရေးလုပ်လာတဲ့နှစ်လနီးပါးကာလမှာ တပ်ထဲဝင်ဖို့လူပေါင်း (၁၀၀)ကျော် စုမိပြီး လူပေါင်း (၂၀၀)ပြည့်တာနဲ့ ပဲခူး၊ အုတ်တွင်းအနောက်ခြမ်းက တပ်ရင်းတစ်ခုမှာ စစ်ကောင်စီက သင်တန်းပေးတော့မှာ ဖြစ်တယ်လို့ စောစေးအပါအဝင် လိပ်သိုနယ်မြေအတွင်းက ဒေသခံတွေဆီက သိရပါတယ်။
ဂေဘားလူမျိုးတွေမှာ နေထိုင်ရာဒေသကွဲလွဲလို့ ဆင်းသက်ရာ တိုင်းရင်းသားမျိုးနွယ်အပေါ် အယူအဆကွဲလွဲ တဲ့ ပြဿနာဟာ စာပေ၊ ယဥ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုနဲ့ အမျိုးသားရေးအလံတော်က အစ ကွဲလွဲမှုတွေအ ထိ ဖြစ်ခဲ့တာက အခုချိန်အထိပါပဲ။
ကရင်ပြည်နယ်ဘက်က ဂေဘားတွေက ဂေဘားကရင်လူမျိုးအဖြစ်နဲ့ ကရင်အလံတော်ကိုအလေးပြုပြီး ကရင်လူမျိုးရဲ့နေ့ထူးနေ့မြတ်တွေမှာ ပါဝင်ကျင်းပကြသလို ကယားဘက်က ဂေဘားကယားလူမျိုးတွေက လည်း ဂေဘားအလံတော်ကို တီထွင်လို့ ဂေဘားအမှတ်တံဆိပ်တွေ တပ်တယ်လို့ သိရပါတယ်။
အဲဒီလို သမိုင်းတစ်လျှောက် ကွဲလွဲမှုရှိထားတဲ့ကြားမှာ စစ်တပ်ကို ကျောထောက်နောက်ခံပြုမှုနဲ့ လုပ်ဆောင်နေတဲ့ ဂေဘားတပ်မတော်က နယ်မြေအတွင်း ပဋိပက္ခနဲ့ လူမျိုးရေး အဓိကရုဏ်းဖြစ်ဖို့ ဦးတည် နေတာလို့ စောစေးက အခုလိုပဲ ပြောပါတယ်။
သူက “စစ်တပ်ကို တစ်နိုင်ငံလုံးမှာ တော်လှန်တဲ့အခါကျတော့ ဂေဘားတပ်မတော်ဆိုပြီး ထောင်တာက လူမျိုးရေးအဓိကရုဏ်း ဖြစ်နိုင်တယ်။ ဂေဘားကရင်ထဲမှာလည်း KNU ဘက်ပါတဲ့သူလည်းရှိတယ်။ စစ်တပ် နဲ့ပေါင်းတဲ့သူလည်းရှိတယ်။ ဒီကြားထဲ အဲဒီလို ဂေဘားတပ်မတော် တည်ထောင်တယ်ဆိုတော့ လူမျိုးရေး က ပဋိပက္ခကို ဦးတည်နေတာပါ။”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် စည်းရုံးရေးဆင်းရာမှာလည်း အမျိုးသားတွေကိုပဲ အဓိကထားတာဖြစ်ပြီး မက်လုံးပေးတာကြောင့် စားဝတ်နေရေး မပြေလည်သူ လူငယ်ရော၊ လူကြီးပါ တပ်ထဲဝင်ဖို့ စာရင်းပေးသွင်းတယ်လို့ လိပ်သို သံမိုး တောင်ရွာမှာ နေထိုင်တဲ့ စောအယ်(အမည်လွှဲ)က ပြောပါတယ်။
“ခေါ်သွားတာ ယောကျ်ားတွေချည်းပဲ။ အသက်ငယ်ငယ်ကြီးကြီး အကုန်သွားတယ်။ မဝင်ရင် ခြိမ်းခြောက် တာတို့ မကြားမိသေးဘူး။ လုပ်ထုံးလုပ်နည်းမပြောပြဘဲ မျှားခေါ်သွားတာပါ၊ ဒါက ဂေဘားလူမျိုးကို နှစ်ခြမ်း ခွဲချင်တဲ့ပုံစံမျိုး၊ ကယားပြည်မှာ ဂေဘားရွာတစ်ရွာမှမရှိဘူး။ ကျနော်တို့ ကရင်ပြည်နယ်ဘက်ကို တက်ပြီး တော့ အလုပ်လုပ်စားတဲ့သူပဲ ရှိတယ်။ လူမျိုးရေးအဓိကရုဏ်း ဖြစ်နိုင်တယ်။”လို့ စောအယ်က ပြောပါတယ်။
ဒါဟာ စစ်ကောင်စီက ကျားကန်ထားတဲ့ နိုင်ငံရေး၊ စစ်ရေး ပြိုလဲတော့မယ့်အချိန်မှာ တိုင်းရင်းသားတွေ အကြား လူမျိုးရေးကစားတဲ့လုပ်ကွက် ဖြစ်တယ်လို့လည်း ကေအဲန်ယူ ဗဟိုရဲ့ပြောခွင့်ရသူ ပဒိုစောကလယ်စေးက အခုလို ဆိုပါတယ်။
“လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် ဖန်တီးတာကတော့ အသေအချာပဲ။ စစ်တပ်ဘက်က အားပေးအား မြှောက်ပုံစံက ရှိလည်းရှိခဲ့တယ်။ အဲဒီဘက်က လူမျိုးရေး အရမ်းရှုပ်ထွေးတယ်။ ကရင်နီဘက်ပါတဲ့အဖွဲ့နဲ့ ကရင်ဘက်ပါတဲ့အဖွဲ့တွေကြားမှာ ရှုပ်နေတာပါ။ အရင်ကတုန်းကတော ပြဿနာသိပ်မရှိပါဘူး။ အခု နောက် ပိုင်းကတော့ စစ်ကောင်စီ ပြိုလဲတော့မယ့်အချိန်မှာ လူမျိုးရေးနဲ့ကစားတာပေါ့။”လို့ ပဒိုစောကလယ်စေးက သုံးသပ်ပါတယ်။
ဂေဘားတပ်မတော် စည်းရုံးရေးဆင်းတဲ့အဖွဲ့မှာ လိုက်ပါလာသူတွေက ကေအဲန်ယူခွင်ထဲမှာ လှုပ်ရှားရတာ ကြောင့် သူတို့လုံခြုံရေးအတွက် ယူနီဖောင်းမဝတ်ရုံသာမက သာမန်အရပ်သားကြားမှာ သာမန်လိုပဲ လှုပ်ရှား သွားလာနေကြတာပါ။
ကေအဲန်ယူအနေနဲ့လည်း သူတို့တွေကို စောင့်ကြည့်လေ့လာနေပြီး ဒီလိုကိစ္စတွေအတွက် ညှိနှိုင်းဆောင်ရွက် နေတာတွေရှိတယ်လို့ ဆိုပေမယ့် အရေးယူမှုလုပ်ဖို့ အခြေအနေနဲ့ ပတ်သက်ပြီးကတော့ အသေးစိတ်ကို မသိ ရှိရသေးပါဘူး။
ဂေဘားလူမျိုးစုကိစ္စနဲ့ပတ်သက်လို့ဂေဘားကရင်ရေးရာအသင်း ဦးဆောင်သူတွေဟာ ၂၀၁၄ခုနှစ်မှာ လွှတ် တော်ကို စာတင်ကန့်ကွက်တာ၊ ပထမအကြိမ် ညီလာခံကျင်းပတာ၊ ၂၀၁၇ခုနှစ်မှာ ဒုတိယအကြိမ် ညီလာခံ ကျင်းပတာတွေကို လုပ်ဆောင်ခဲ့ပြီး ဂေဘားဟာ ကရင်မျိုးနွယ်ဖြစ်ကြောင်း အသိအမှတ်ပြုမှုရရှိဖို့ ကြိုးပမ်း ခဲ့ကြပေမယ့် ကရင်ခေါင်းဆောင်နဲ့ ကရင်အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုမှုကိုသာ ရရှိခဲ့ပါတယ်။
ဒီကြားထဲမှာလည်း အထက်မှာရှင်းပြထားသလို ဂေဘားကရင်နဲ့ ဂေဘားကယား လူမျိုးစုကွဲလွဲမှု ရှိတဲ့အပေါ် မှာ အခြေခံလို့ စစ်တပ် ကြိုးဆွဲရာ ကရမယ့် လက်ကိုင်တုတ်ဘဝ မရောက်စေဖို့ သတိထားရမှာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့လူမျိုးရေး၊ ဘာသာရေးသွေးခွဲမှု သမိုင်းတစ်လျှောက်ကို ကြည့်လိုက်ရင် အမျိုးသားရေးနဲ့ လူတန်းစား ခွဲခြားရေး၊ အယူဝါဒ မတူညီတဲ့အပေါ်မှာ အခြေခံတဲ့ စစ်တပ်ရဲ့ပယောဂကြောင့် ပအိုဝ်းအမျိုး သားအချင်းချင်းကြားမှာလည်း ပအိုဝ်းဖြူ၊ ပအိုဝ်းနီရယ်လို့ ကွဲလွဲရာမှ လက်ရှိအချိန်ထိ နယ်မြေအတွင်းပဋိ ပက္ခတွေနဲ့ ရင်ဆိုင်နေတာပါ။
ဒီအတွက်ကြောင့် ပအိုဝ်း အပါအဝင် တိုင်းရင်းသားများအားလုံး စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်ရှာလိုမှုနဲ့ သွေးခွဲမှုတွေကို သတိကြီးစွာ ထားရမှာဖြစ်တယ်လို့လည်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီက ၎င်းတို့ရဲ့ အမျိုးသားရေးအခြေအနေနဲ့ယှဥ်ပြီး အသိပေးထုတ်ပြန်ချက်တွေမှာ မကြာခဏ ထည့်သွင်းပြောဆိုလေ့ရှိပါ တယ်။
“ဒါတွေက စစ်ကောင်စီဘက်ကပါပြီဆိုတာ သေချာနေပြီပဲလေ။ အခုချိန်က စစ်ကောင်စီကို သူများမုန်းတဲ့အ ချိန်မှာ သူတို့ အဲလိုသွားလုပ်မယ်ဆိုရင် လူမျိုးရေးပဋိပက္ခတွေ ဖြစ်ကုန်မှာဆိုပြီးတော့ သေချာနေပြီးသားပဲ။” လို့ အတီးစောစေးက စိုးရိမ်စွာနဲ့ ပြောနေပါတော့တယ်။