Home သတင်း KTLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောဘဝါး ကွယ်လွန်

KTLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောဘဝါး ကွယ်လွန်

1064
Photo: KTLA

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကော်သူးလေအာမီ (KTLA)၏ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးစောဘဝါးသည် ဒီဇင်ဘာလ ၂၈ ရက်၊ ယမန်နေ့ ည(၁၁)နာရီဝန်းကျင်ခန့်တွင် လူကြီးရောဂါဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

ဒုဗိုလ်ချုပ်ကြီးစောဘဝါး ကွယ်လွန်ချိန်တွင် အသက် ၆၄နှစ်ရှိပြီး မကွယ်လွန်ခင်အထိ KTLA၏ ဒုစစ်ဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သလို တော်လှန်ရေးလုပ်ကိုင်သည့် သက်တမ်း ၃၆နှစ်ရှိချိန်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သမီးကြီးဖြစ်သူ နော်အေးနိုင်ဖောက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ ကွယ်လွန်တာက လူကြီးရောဂါပါပဲ။ သူ့မှာ သွေးချို၊ ဆီးချိုရောဂါ၊ ပြီးတော့ အဆုတ်မကောင်းဘူး၊ သူရောဂါစဖြစ်တာကြာပါပြီး။ KTLAမှာ ပြန်လာနေကတည်းစပြီး နေမကောင်းဖြစ်တာ အခုအထိပေါ့။ မူးယု (မဲ့စရီးယန်း)မှာနေတဲ့အချိန်မှာ သူ့ရောဂါက သူအမြန်ပျောက်ချင်တယ်၊ တော်လှန်ရေး သူဆက် လုပ်ချင်သေးတယ်ဆိုတော့ စိတ်လောပြီး ဗိန္နောဆေး(တိုင်းရင်းဆေး)တစ်မျိုးသွားသောက်မိတာ၊ အဲဒီကနေစပြီး ရောဂါက ပြန်ဆိုးလာတယ်။ ဒီဇင်ဘာလ (၁)ရက်နေ့မှာ ဆေးရုံပြန်တက်ပြီး အခုဆုံးတဲ့အထိပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

KTLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘဝါးကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သားသမီးသားသမီး (၄)ဦး ကျန်ရှိပြီး သူ၏ ဈာပနအခမ်းအနားကို လာမည့်ရက်ပိုင်းတွင် ပြုလုပ်သွားမည်ဟု မိသားစုဝင်ထံမှ သိရသည်။

ဒုဗိုလ်ချုပ်ကြီးစောဘဝါးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မြဝတီခရိုင် ဝေါ်လေဒေသတွင် လူ (၂၅)ဦး သတ်ဖြတ် ခံခဲ့ရသည့်ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့်အတူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုမှရာထူးနှင့် တာဝန်များကို ရပ်စဲခြင်းခံလိုက်ရသည့်အထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

ထို့နောက် ဗိုလ်မှူးချုပ်စောနယ်ဒါးမြဦးဆောင်ပြီး ကော်သူးလေအာမီ -KTLA ပြန်လည်ဖွဲ့စည်းရာတွင် ဒုစစ်ဦးစီးချုပ် တာဝန်ခန့်အပ်သည့်အပြင် ယခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖွဲ့စည်းလိုက်သော ကော်သူးလေအစိုးရကိုလည်း သူ့အား ဒုသမ္မတအဖြစ် တာဝန်ပေးအပ်ထားသည်။