Home သတင်း လက်နက်ခဲယမ်းတင်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ဦးခန့်သေဆုံး

လက်နက်ခဲယမ်းတင်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ဦးခန့်သေဆုံး

743
Photo: မြိတ်ခရိုင် တပ်ရင်း ၂

ဒီဇင်ဘာလ ၂၉ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းရှိ တမုတ်ချုံးကျေးရွာတွင် မြိတ်ဘက်မှ ထွက်ခွာ လာသည့် စစ်ကောင်စီယာဉ်တန်းကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ၇ ဦးခန့် သေဆုံးသွားကြောင်း တော်လှန်ရေး အင်အား စုဘက်က ဒီဇင်ဘာလ ၂၉ရက်၊ ယနေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ (၃) နာရီခွဲဝန်းကျင်အချိန်ခန့်တွင် အင်အား (၆၀) ဝန်းကျင် ပါရှိပြီး လက်နက်ခဲယမ်းတင်ဆောင်လာသော စစ်ကောင်စီယာဉ်တန်းကို ဒေသအခြေစိုက် ပူးပေါင်း တပ်ဖွဲ့ဝင်များက တမုတ်ချုံးကျေးရွာအနီးတွင် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ဖြစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်မှုတွင်ပါဝင်သည့် မြိတ်ခရိုင်တပ်ရင်းအမှတ်(၂)မှ ပြန်ကြားရေးတာဝန်ခံတစ်ဦး က ယခုလို ပြောသည်။

၎င်းက “သတင်းကြိုရလို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ နှစ်ဖက်ပစ်ခတ်မှုက နာရီဝက်လောက် ကြာ သွားတယ်။ စစ်တပ်ဘက်က ၇ ဦးထက်မနည်း သေသွားတယ်။ မြေပြင် အနီးကပ် အတည်ပြုချက်အရ သိရတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်(ပကဖ)၊ ကျွန်းစုမြို့နယ်(ပကဖ)၊ ပုလောမြို့နယ်(ပကဖ)၊ ပြည် သူ့ ကာကွယ်ရေးတပ်ပေါင်းစု စစ်ကြောင်း ( ၁) နှင့်(၂)၊ မြိတ်ခရိုင် PDF တပ်ရင်း (၂) တပ်ခွဲ(၁) နှင့် တပ်ခွဲ(၂)အပြင် Dragon Squad (ဒရုန်းအဖွဲ့)တို့က ပူးပေါင်းပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ထိုသို့ ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဉ်တန်းဘက်မှ (၄ဝ မမ) လက်နက်ကြီးများကို အသုံးပြု၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး တနင်္သာရီမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၅၅၈)ကလည်း (၈၁ မမ) လက်နက် ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၂) ပြန်ကြားရေး တာဝန်ခံက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသော ကြောင့် ဒေသခံများ အနေဖြင့် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ခရီးသွားလာခြင်းများမပြုလုပ်ကြရန်ကိုလည်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။