Home သတင်း စစ်ကောင်စီ တပ်စွဲထားသည့် တောင်ကြာအင်းရဲစခန်းနှင့် အထကကျောင်းအား KNLA နှင့် PDF ပူးပေါင်းတပ်တို့ စခန်းသိမ်းတိုက်ခိုက်ခဲ့

စစ်ကောင်စီ တပ်စွဲထားသည့် တောင်ကြာအင်းရဲစခန်းနှင့် အထကကျောင်းအား KNLA နှင့် PDF ပူးပေါင်းတပ်တို့ စခန်းသိမ်းတိုက်ခိုက်ခဲ့

810
Photo: CJ

ဒီဇင်ဘာလ ၂၉ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာရှိ ရဲစခန်းနှင့် အထက စာသင်ကျောင်းအတွင်း တပ်စွဲ ထားသည့် စစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေ ကြောင်း စစ်မြေပြင်ကနဦး သတင်းများအရ သိရသည်။

“တောင်ကြာအင်း ရဲစခန်း၊ BGF စစ်ကတုတ်၊ အထက တောင်ကြာအင်းကျောင်းထဲကို တိုက်နေတာ နှစ် ပတ်လောက်ရှိ နေပြီ၊ ကျောင်းဝင်းနဲ့ရဲစခန်းကို ဒရုန်းနဲ့ချ မြေပြင်ကတက်ပစ် တာမျိုးတွေ လုပ်နေတုန်း မနေ့က ညနေပိုင်းမှာ စစ်တပ်က ရဟတ်ယာဉ် လာပစ်တယ်။ အရပ်သားတွေ ထိတယ်။ ကလေးတွေ ထိကုန်တယ်။ အိမ်တွေ ကျောင်းဆောင်တွေ မီးလောင်ပျက်စီးတယ်။ အခုတော့ စစ်တပ်က အရှင်မိ တာလည်းရှိတယ်၊ ထွက်ပြေးတာတွေ လိုက်ပိတ် ရှင်းနေတယ်။ လက်နက်ခဲယမ်းတွေ သိမ်းတာ ဆက်လုပ်နေတယ်။ အတိအကျတော့ စစ်ကြောင်းပိုင်းက ထုတ်ပြန်ပါလိမ့်မယ် ”ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

တောင်ကြာအင်း ရဲစခန်း၊ အထက တောင်ကြာအင်းကျောင်း ဝင်းစစ်စခန်းတို့မှ စစ်ကောင်စီတပ်ဘက်က အရှင်ဖမ်းမိသူ၊ လက်နက်ချ သူ ၂၀ကျော်ခန့် နှင့် လက်နက်ကြီး အပါအဝင် သေနတ်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိထားကြောင်း ကနဦး သိရှိရသော်လည်းစစ်မြေပြင်သတင်း အတည်ပြုနိုင်ရန် ကေအိုင်စီ က ဆက်လက်စုံစမ်းနေပါသည်။

Photo: CJ

အဆိုပါတိုက်ပွဲ ဖြစ်ရက်များအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ များဘက်မှ ဒရုန်းပျက်ကျခံရမှုနှင့် စစ်ကြောင်းရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ ပြီး စစ်တပ်ဘက်က သေဆုံးဒဏ်ရာရရှိမှုများ အား ထုတ်ပြန် ကြေညာခြင်း မတွေ့ ရှိရသေးပေ။

တောင်ကြာအင်းကျေးရွာသားတစ်ဦးက “တိုက်ပွဲက ဖြစ်နေတာ ကြာပြီလေ၊ နေ့တိုင်းနီးပါး ပစ်လိုက်ငြိမ်လိုက် ဒရုန်းနဲ့ကြဲချလိုက် တိုက်နေ ကြတာ၊ ကျနော်တို့ရွာသားတွေကတော့ ရှောင်လိုက်ရွာကို ပြန်လာကြည့်လိုက်နဲ့ နေရတာပေါ့၊ အိမ်တွေ ဆိုင်တွေတော့ တော်တော်ပျက်စီးကုန်ပြီ။ တိုက်လို့ နိုင်ရင်ပြီးတာပဲ။”ဟု ပြောသည်။

လတ်တလောတွင် ကော့ကရိတ်မြို့နယ်အတွင်း တောင်ကြာအင်း၊ မြောက်ကြာအင်း၊ ကော့ကရိတ် နှင့် ကျုံဒိုး ကျေးနယ် များတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။