ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ မုန်းမြို့နယ်၊ ပဲနွယ်ကုန်းမြို့အနီးတွင် ဒီဇင်ဘာလ ၂၆ရက်နေ့မှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က လက်နက်ကြီးနှင့်လေကြောင်းသုံး တိုက်ခိုက် သဖြင့် ဘုန်းကြီးတစ်ပါးအပါအဝင် ဒေသခံ(၃)ဦးသေဆုံးပြီး ကလေးငယ်(၂)ဦးနှင့် ဒေသခံ(၁)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း နယ်ခံများထံမှ သိရသည်။
ပဲနွယ်ကုန်းမြို့အဝင်ရှိ သဲကော၊ ကျောင်းစိုးနှင့် ပျဉ်းမပင်အစရှိသည့် ကျေးရွာများဘက်သို့ စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းနှင့် လက်နက်ကြီးသုံး ပစ်ခတ်ခဲ့ရာ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ပိုင်းက သဲကောကျေးရွာရှိ ဆရာတော်တစ်ပါးလေယာဉ်ကျည်ထိမှန်သေဆုံးခဲ့သလို ပျဉ်းမပင်ရွာမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့အတူ သေဆုံးသူအမျိုးသမီး၏ အသက်(၇)နှစ်နှင့်(၄)နှစ်အရွယ် သမီးမိန်းကလေး(၂)ဦးအပါအဝင် အခြားဒေသခံအမျိုးသားတစ်ဦးလည်း လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
၎င်းက “သေသွားတဲ့အမျိုးသမီးက ဒဏ်ရာရတဲ့ကလေးမလေးတွေရဲ့အမေ၊ အိမ်ပေါ်ကို ဟောင်ဝှစ်ဇာ လက်နက်ကြီးတည့်တည့်ကျပြီး ဆုံးတာ။ စိုးရိမ်ရတယ်။ မနေ့က လေးနာရီလောက် ပစ်ချတာပါ။ သဲကောကတော့ ဆရာတော်တစ်ပါးလေယာဉ်လာပစ်လို့ မနေ့က ဆုံးတယ်။” ဟု အဆိုပါ အမျိုးသားက ပြောသည်။
၎င်းအပြင် စစ်ကောင်စီက ပဲနွယ်ကုန်းမြို့အထွက်ကို ပိတ်ဆို့ထားပြီး ပဲနွယ်ကုန်းမြို့နှင့် အနီး တစ်ဝိုက်ရှိကျေးရွာများသို့ ယနေ့အချိန်ထိ လက်နက်ကြီးအပါအဝင် လေကြောင်းဖြင့်လည်း ပစ်ခတ်နေ၍ ဒေသခံများ ဘေးလွတ်ရာ ကျေးရွာနှင့် မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။
လက်ရှိ ပဲနွယ်ကုန်းမြို့ပေါ်မှ သံမဏိ၊ အောင်သပြေ၊ တောင်သလဲပင် စသည့် ရပ်ကွက်အချို့တို့ တွင် လည်း စစ်တပ်က စစ်ကြောင်းထိုးမှုများရှိနေသလို မြို့ပြင်ဘက်တွင်လည်း တိုက်ပွဲဆက်ဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မြို့ပေါ်ကနေလည်း ထွက်မရသေးဘူး။ အထွက်မှာ ပိတ်ထားတယ်။ တိုက်ပွဲနားရင်တော့ မနက်ဖြန်လောက် လမ်းပွင့်နိုင်ပါတယ်။ အခုကတော့ မြို့ပေါ်ရပ်ကွက်ကနေ စစ်တပ်က စစ်ကြောင်းထိုးနေတယ်။ ထိတွေ့မှုရှိရင်ဖြစ်မှာပဲ။ တလရ ( KNLA ပူးပေါင်းတပ်)ကတော့ မြို့ထဲကိုမဝင်သေးဘူး” ဟု ယနေ့ ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကျေးရွာများအား စစ်ကောင်စီ၏ခြေမြန်တပ်ရင်း ခမရ-၄၃၉နှင့် ၃၀၉ တို့မှ ပစ်ခတ်တိုက်ခိုက် နေခြင်းဖြစ်ပြီး လက်ရှိထွက်ပြေးတိမ်းရှောင်လာသူများမှာ ၎င်းတို့နီးစပ်ရာဆွေ မျိုးများနှင့် ဘုန်းကြီး ကျောင်းဆောင်များတွင် ခေတ္တနေထိုင်နေရကြောင်း မုန်းမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “နတ်သံကွင်းမှာလည်းတိုက်ပွဲဖြစ်ထားတယ်။ ပဲနွယ်ကုန်းအထွက်ကိုလည်းပိတ်ထားတော့ စစ်ရှောင်တွေက ကျနော်တို့ဘက်ကို ပြေးလာရတယ်။ KNLA ပူးပေါင်းတပ်တွေက ဝင်တိုက်တဲ့ နရွဲပင်နဲ့ အုန်းနဲပင်စခန်းတွေက နတ်သံကွင်းနဲ့ပဲနွယ်ကုန်းကြားမှာရှိတယ်လေ။ တိုက်ပွဲဖြစ်တော့ စစ်တပ်က ပစ်တာ လူတွေရွာတွေထိကုန်တာပဲ။ အခုပြေးလာတဲ့သူတွေက မိဘဆွေမျိုးအိမ်တွေ ဘုန်းကြီးကျောင်း ဘက်တွေမှာရှောင်နေကြတယ်။ တချို့ကလည်းဖြူးဘက် တောင်ငူဘက်ပြေးကြတယ်။” ဟု ပြောသည်။
ဒီဇင်ဘာလ(၂၆)ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကျောင်းသား တပ်မတော်-ABSDFနှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ တပ်စခန်း (၃)ခုအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ယခုလို တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင်(၂၀)ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သလို ပူးပေါင်းတပ်ဘက်မှလည်း ထိခိုက်သေဆုံးမှုရှိကြောင်း ကေအဲန်ယူ ဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။



















