Home သတင်း ကျိုက်ထိုဒေသ နနွင်းစိုက်ပျိုးသူများ စျေးကွက်နည်းပြီး အမြတ်မရှိဖြစ်နေ

ကျိုက်ထိုဒေသ နနွင်းစိုက်ပျိုးသူများ စျေးကွက်နည်းပြီး အမြတ်မရှိဖြစ်နေ

278
Photo: CJ

ဒီဇင်ဘာ ၂၈ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ယခုနှစ်တွင် နနွင်းလာ‌ရောက်ဝယ်ယူသည့် ကုန်သည်များနည်းပါးသဖြင့် စီးပွား ဖြစ် နနွင်းစိုက်ပျိုးရေးလုပ်ကိုင်သူများမှာ စျေးကွက်နည်းကာ အမြတ်မရှိဘဲဖြစ်နေကြောင်း ဒေသခံ နနွင်းစိုက်တောင် သူများထံမှ သိရသည်။

ယမန်နှစ် နနွင်းစိုက်ပျိုးရာသီက လာရောက်ဝယ်ယူသူ ကုန်သည်များပြားသဖြင့် စိုက်ပျိုးသူများမှာ စျေးကွက် အမြတ် အစွန်းရရှိခဲ့သည့်အတွက်ကြောင့် ယခုနှစ်တွင် နနွင်းစိုက်ပျိုးသူ ပိုများလာခဲ့သည်။ သို့သော် ယခုနှစ်၌ ပျိုးပင်စရိတ်နှင့် အလုပ်သမားစရိတ် ကုန်ကျမှု မြင့်မားလာပြီး နနွင်းလာရောက်ဝယ်ယူသည့် ကုန်သည်များ နည်းပါးလာခြင်းကြောင့် အမြတ်ရရှိရန် ခက်ခဲနေသည်ဟု နနွင်းစိုက်ပျိုးသူ ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

သူမက “အရင်နှစ်က လာဝယ်သူများတယ်။ အခု အရင်နှစ်က ဈေးအတိုင်းရပေမယ့် ပျိုးပင်ဖိုးလည်း ပိုပေးရတယ်။ အလုပ်သမားခကလည်း အရင် ၇,၀၀၀မှာ အခု ၈,၀၀၀ ပေးရတယ်။ နည်းနည်းစီ တက်တာပေါ့နော်။ မနှစ်က မြတ်တယ်ဆိုတော့ လူတွေက လိုက်စိုက်ရောင်းကြတာ။ ဝယ်သူနည်းတဲ့အခြေအနေမှာ အခုလိုတွေ ဖြစ်ကုန်တာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

နနွင်းရောင်းဝယ်ရာတွင် နနွင်းအစိမ်းနှင့် နေလှန်းထားပြီးသား နနွင်းအခြောက်ဟူ၍ အမျိုးအစားနှစ်မျိုးဖြင့် ရောင်းချ ခြင်းဖြစ်ပြီး အစိမ်း တစ်ပိဿာလျှင် ငါးရာကျပ်သာ စျေးနှုန်းရှိသော်လည်း စျေးပိုရသည့် နနွင်းအခြောက်ရရှိရန် အလုပ် ပိုများသည်ဟုလည်း အဆိုပါဒေသခံအမျိုးသမီးက ဆက်ပြောသည်။

ထိုအခြေအနေတွင် နေ့စား ‌အလုပ်သမား မငှားဘဲ တနိုင်တပိုင် လုပ်ကိုင်သော နနွင်းစိုက်ခင်းများက ရင်းနှီးသလောက် ပြန်လည်ရရှိသော်လည်း သီးနှံအထွက်မတိုးသည့် နနွင်းစိုက်ခင်းအချို့မှာမူ အလုပ်သမားစရိတ်နှင့် အရှုံးပေါ်သည်အထိ ဖြစ်နေသည်များလည်းရှိကြောင်း သိရသည်။

အခြားနနွင်းစိုက်တောင်သူတစ်ဦးကလည်း “ကျမကတော့ နေ့စားအလုပ်သမားတွေကို မခေါ်ဘူး။ ကိုယ်တိုင်ပဲလုပ် တော့ အရင်းရတယ်။ တချို့က‌တော့ အလုပ်သမားခရော ပေးရတာလည်း ပါမှာပေါ့။ နေ့စားသမား‌တွေဘက်က ကြည့် ပြန်တော့လည်း ဝက်သားတစ်ပိသာတောင် မရတော့ဘူးဆိုပြီး ပြောနေကြတာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

မွန်ပြည်နယ်တွင် နနွင်းကို စီးပွားဖြစ်နှင့် အိမ်တွင်းစားသုံးရန် စိုက်ပျိုးကြသည်တွင် ဈေးကွက်ပေါက်ဈေးအရ နနွင်း အစိမ်း တစ်ပိဿာလျှင် စျေးနှုန်း ၅၀၀ကျပ်နှင့် နနွင်းအခြောက် တစ်ပိဿာလျှင် ၇,၀၀၀ကျပ်ဖြင့် ယမန်နှစ်ဈေးနှုန်း အတိုင်း ရှိနေသော်လည်း စိုက်ခင်းပိုင်ရှင်များမှာ ယခုနှစ်တွင် အရှုံးပေါ်နေကြခြင်းဖြစ်သည်။

မြန်မာပြည်မှ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား အပါအဝင် ပြည်ပနိုင်ငံများသို့ နှစ်စဉ် ပို့ကုန်အဖြစ် တင်ပို့ရောင်းချ လျက်ရှိသည့် စား‌သောက်ကုန်များတွင် နနွင်းတက်များလည်း ပါဝင်ကြောင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုစာရင်း များအရ သိရသည်။