Home သတင်း ကော့ကရိတ်၊ ကျုံဒိုး၊ တောင်ကြာအင်းတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်း မဟာမိတ်စစ်ကြောင်းများ တိုက်ပွဲဆက်ဖြစ်နေ

ကော့ကရိတ်၊ ကျုံဒိုး၊ တောင်ကြာအင်းတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်း မဟာမိတ်စစ်ကြောင်းများ တိုက်ပွဲဆက်ဖြစ်နေ

981
Photo: CJ

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တစ်လနီးပါးရှိလာသည့် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲနှင့် ဆက်စပ်ပြီး ကျုံဒိုးနှင့် တောင်ကြာအင်း ကျေး နယ်ဘက်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း စစ်ရေးနယ်မြေသတင်းအရင်း အမြစ်များက ပြောသည်။

“ ဒီနေ့တော့ ကော့ကရိတ်လည်း ပစ်ခတ်တာဆက်ရှိနေတယ်။ KNLA ပူးပေါင်း မဟာမိတ် PDF ဒေါန စစ်ကြောင်း တာဝန်ရှိသူတွေ ကော့ကရိတ်စစ်မြေပြင်မှာ လှည့်ပြီးကြီးကြပ်နေတယ်။ ကျုံဒိုးဘက်မှာ လည်း ၅၄၅ /၅၄၆ တပ်ကလည်း ကျုံဒိုးမြို့ကို ကရင်အဖွဲ့တွေ ကပ်လာမှာကြောက်လို့ လက်နက်ကြီး တွေ ရေပူကြီးရွာဘက် ပစ်ထုတ်နေတယ် ”ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် တောင်ကြာအင်းဘက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ချအလင်းဝင်လာသူများရှိပြီး သတင်း အချက်အလက်အတည်အကျကို အတည်ပြုထုတ်ပြန်သွားမည်ဟု ၎င်းစစ်မြေပြင်သတင်း အရင်းအမြစ်က ဆက်ပြောသည်။

တိုက်ပွဲ ဖြစ်ဒေသ ပိုမိုကျယ်ပြန့်လာ နေသည့်အချိန်တွင် စစ်ကောင်စီတပ်ဘက်မှ စစ်စခန်းများ မကျဆုံး စေရေး ကရင်နယ်ခြားစောင့်တပ်-BGF တပ်များက ဖားအံ၊ နဘူးလမ်းပိုင်းမှ စစ်ကူနှင့် လက်နက် ခဲယမ်းများ ကော့ကရိတ်မြို့အလယ် ရှိ တောင်ပေါ်ကျောင်း ဘုရားကုန်းသို့ သယ်ဆောင် အင်အားဖြည့်ပေးနေကြောင်း BGF နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

Photo: CJ

BGF တပ်နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က “စစ်တပ်က မြို့ထဲမှာ ရဲစခန်း၊ ဇိနသုခဘုရား၊ ချောင်းတောင်စစ်ကတုတ်၊ အမှတ်၃ ဂိတ်၊ ခရိုင်ရဲရုံးကုန်း နေရာတွေမှာ အထိုင်ချပြီး ခံပစ်နေတယ်။ မြို့လယ်က တောင်ပေါ်ကျောင်း နေရာမှာ စစ်တပ်နဲ့ BGF က အထိုင်ချတပ်စွဲထားတယ်။ အဲ့ဒီနေရာကို အရပ်သားကားပုံစံနဲ့ စစ်ကူ၊ လက်နက်ခဲယမ်းတွေကို နဘူး၊ ဖားအံလမ်းကနေကူသယ်ပို့နေတယ်”ဟု ပြောသည်။

လက်ရှိ တိုက်ပွဲအခြေအနေကြောင့် ကော့ကရိတ် ဒေသခံ ၅,၀၀၀ ကျော်မှာ ထီးဖိုးစံ၊ နောင်ကိုင်း၊ နောင်တပွဲ၊ ကျေးရွာများဘက် ရှောင်တိမ်းနေထိုင်နေကြရပြီး စားသောက်စရာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံစစ်ဘေးရှောင်အကူအညီပေးနေသူများ ပြောသည်။

စစ်ကောင်စီတပ်နှင့် BGF တပ်များသည် ကော့ကရိတ်မြို့မြောက် (တပ်မဟာ ၇ နယ်မြေ) လမ်းကြောင်း မှတဆင့် စစ်အင်အား ဖြည့်တင်းမှုများလုပ်ဆောင်နေဆဲဖြစ်၍ ကော့ကရိတ်မြို့ တိုက်ပွဲ အချိန်ကြာနိုင် သည့်အတွက် ဒေသခံစစ်ဘေးရှောင်နေရသူများ ရက်ရှည်စစ်ဘေးရှောင်နေရမည့် အခြေအနေဖြစ်နေ ကြောင်း စစ်ဘေးရှောင်နေရသူများက ပြောသည်။