Home သတင်း ပိန်းဇလုပ်မြို့ အဝင်အထွက်ဂိတ်တွင် ထောက်ခံစာပါမှ ဖြတ်သန်းခွင့်ပြု

ပိန်းဇလုပ်မြို့ အဝင်အထွက်ဂိတ်တွင် ထောက်ခံစာပါမှ ဖြတ်သန်းခွင့်ပြု

794
Photo: CJ

အောက်တိုဘာ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပိန်းဇလုပ်မြို့အတွင်း ဝင်ထွက်သွားလာရာတွင် သက်ဆိုင်ရာကျေးရွာအလိုက် အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်လပိုင်းများက ပိန်းဇလုပ်မြို့အနီးတဝိုက်ရှိ ကျေးရွာများသို့ မြို့အခြေစိုက်စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၆၄ နှင့် အနီးတပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်မှုများလုပ်ဆောင်ခြင်း၊ အင်တာနက်လိုင်းနှင့်လျှပ်စစ်မီးဖြတ်တောက်မှုများလုပ်ဆောင်ပြီးနောက် ယခုလို မြို့တွင်းသို့ ဝင်ထွက်သွားခြင်းကို ကန့်သတ်လာခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းဒေသခံက “ပြီးခဲ့တဲ့ တစ်လကျော်လောက်ကစပြီး အသွားအလာတွေပိတ်တယ်။ ပြီးတော့ မြို့ထဲ ဝင်ကိုချင်ရင် ဘယ်သူမဆို ကိုယ်လာတဲ့ရွာက အုပ်ချုပ်ရေးမှူးထောက်ခံစာပြရတယ်။ လုပ်တော့ လည်း တစ်ခေါက်စာပဲ နောက်နေ့ထပ်လာချင်ရင် နောက်ထောက်ခံစာတစ်စောင်ရေးရတယ်၊ မြို့ပေါ် သွားတဲ့လမ်းတစ်လျှောက်က ဂိတ်စခန်းတွေမှာ ထောက်ခံစာပြနိုင်မှ သွားလို့ရတာလေ” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် စစ်ကောင်စီက ပိန်းဇလုပ်မြို့အနီးရှိ ကျေးရွာများမှ မြို့ပေါ်သို့ဈေးလာဝယ်ကြသူများအား တစ်အိမ်ထောင်စာ စားနပ်ရိက္ခာလောက်သာ သယ်ဆောင်ဖြတ်သန်းခွင့်ပြုထားပြီး လုံခြုံရေး အခြေ အနေများကြောင့် ယခုနောက်ပိုင်းတွင် မြို့အဝင်အထွက်ပိတ်သည်အထိ ကန့်သတ်လာ၍ အခြားနီး စပ်ရာမြို့များသို့သာ ဈေးသွားဝယ်နေရကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ကန့်သတ်ချက်များကြောင့် လုံခြုံရေးအာမခံချက်မရှိသဖြင့် အုပ်ချုပ်ရေးမှူးမရှိသည့် အချို့ ကျေးရွာရှိ ဒေသခံများအနေဖြင့် ပိန်းဇလုပ်ဘက်သို့ သွားရန်အခက်အခဲရှိသည်ဟုလည်း နယ်ခံများထံမှ သိရသည်။

“အုပ်ချုပ်ရေးမှူးရှိတဲ့ရွာတွေကတော့ သွားလို့လာလို့ရတာပေါ့။ ကျနော်တို့ရွာဆို အုပ်ချုပ် ရေးမှူးမှ မရှိဘဲ ဘယ်သူ့ဆီထောက်ခံစာသွားလုပ်ရမလဲ။ ပြီးတော့ ပိန်းဇလုပ်ဘက်ကတချို့လည်း အခုနောက် ပိုင်း မြို့အဝင်အထွက်တောင်လုပ်ခွင့်မပေးတော့ ဈေးဝယ်ရင် ဒီဘက်ပဲလာဝယ်ကြတော့တယ်။ ဆန်တောင်မှ တစ်အိမ်ထောင်စာပဲ သယ်ခွင့်ပေးထားတာ” ဟု ကျောက်ကြီးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

တော်လှန်ရေးအင်အားစုများ စစ်ရေးလှုပ်ရှားမှုအားကောင်းနေသော ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်နှင့်ကျေးရွာများတွင် စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ခြင်း၊ ၎င်းတို့ဂိတ် စခန်းများသို့ ဖြတ်သန်းသွားလာသူများအား အကြောင်းအမျိုးမျိုးဖြင့် အခကြေးငွေကောက်ခံခြင်း၊ ရိက္ခာနှင့်ဆေးဝါးအများအပြား သယ်ဆောင်ရန်ခွင့်မပြုခြင်းတို့ကြောင့် ရိက္ခာပြတ်လပ်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်သည့်ဒဏ်နှင့် စီးပွားရေးကောင်းစွာ မလုပ်ကိုင်နိုင်သည့် အခြေအနေများ တွေ့ကြုံနေရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေ(၇)ခုအနက် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြားကျုးလွန်ခြင်းခံနေရသော ခရိုင်တွင် ညောင်လေးပင်ခရိုင်သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ကလည်း ဇူလိုင်လအတွင်းက ကေအိုင်စီသို့‌ ပြောဆိုထားသည်။

ထို့အတူ ပြီးခဲ့သည့် အောက်တိုဘာလ(၁၇)ရက်နေ့က ပိန်းဇလုပ်နှင့်တော်ဝီ ဘူတာအကြား ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရပြီးနောက် မြို့အနီးတဝိုက်ကို စစ်ကောင်စီက အင်အားဖြည့်တင်းနေသလို ထိုနေ့မတိုင်ခင်ကလည်း ခလရ-၂၆၄နှင့် ခမရ-၂၀ တို့မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကြောင့် ပိန်းဇလုပ်မြို့အနီးကျေးရွာများမှ ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။