ကရင့်လူနေမှု မနက်ဖြန်
မန်းကိုကို
ဩဂုတ် ၇ရက်၊ ၂၀၂၃။
အနာဂတ်အတွက် အဖြေရှာရင် အတိတ်ကို ပြန်ကြည့်ရတယ်။ ဒါပေမယ့် အတိတ်မှာ အဖြေက ရှိမနေ ဘူး။ သင်္ခန်းစာပဲ ပေးလိမ့်မယ်။
အဲဒီ သင်္ခန်းစာတွေကလည်း အလိုလို ရမလာဘူး။ စောင့်ကြည့်သုံးသပ်သူရှိမှ ရနိုင်တာမျိုးပါ။
တခါ – သင်္ခန်းစာတွေဟာ အလိုလို အဖြေဖြစ်မလာပြန်ဘူး။ တွေးတောကြံဆသူရှိမှ ကျောက်ရိုင်းတုံးလေး တွေကို ပိုင်ဆိုင်ခွင့်ရလာတာမျိုး။ အဲဒီ ကျောက်ရိုင်းတုံးလေးတွေကို အသိပညာနဲ့ လက်တွေ့အားထုတ်မှု တွေ စိုက်သွင်းပါမှ၊ ‘အကျိုးမြတ်’ဆိုတဲ့ တန်ဖိုးတစုံတရာကို ရရှိခံစားကြရတယ်။
လူနေမှု(စနစ်)အကြောင်းပြောဖို့ ပထမဆုံး စနစ်အပေါ် သက်ရောက်မှုကြီးမားတဲ့ ‘လျှပ်စစ်စွမ်းအင်’ကနေ စပြီး လှန်လှောကြည့်ကြရအောင်။
‘လျှပ်စစ်’ဆိုတဲ့ စွမ်းအားတစ်ခုရှိတယ်ဆိုတာကို လူသားတွေသိခဲ့တာ နှစ်ပေါင်း ထောင်ချီခဲ့ပြီ။ ဒီလိုနဲ့ ၁၈ရာစုနှစ်လောက်မှ သိပ္ပံနည်းကျ စမ်းသပ်တွေ့ရှိမှုတွေနဲ့အတူ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိနားလည်လာ ခဲ့ကြတယ်။ အဲဒီအချိန်ထိလည်း လူအများ သုံးစွဲနိုင်တဲ့စွမ်းအင်အဖြစ် ရောက်မလာခဲ့သေးဘူး။
၁၈၈၂-ခုနှစ်မှာတော့ အများသုံးနိုင်မယ့် ဈေးကွက်ဝင် လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖြန့်ချိမှုကို အင်္ဂလန်နဲ့ အမေရိကန်မှာ စလုပ်နိုင်ခဲ့တယ်။ ဒုတိယ စက်မှုတော်လှန်ရေးခေတ်ကို အစပြုပေးခဲ့တယ်။
လျှပ်စစ်စွမ်းအင်ဟာ လူသားတရပ်လုံးကို အကျိုးပြုခဲ့တာ မှန်သလို၊ ပိုပြီး အတွင်းကျကျကြည့်ရင်တော့ တစ်နေ့တာ အချိန်အများစုကို အိမ်မှုကိစ္စတွေနဲ့ ဖြတ်သန်းရတဲ့ ‘အမျိုးသမီးထုကြီး’အတွက် နှောင်ကြိုး တွေဖြတ်တောက်ပေးခဲ့ပြီး လုပ်အားတွေ ဆပွားတဲ့ ခေတ်သစ်တခု ဖန်တီးပေးခဲ့တာကို မြင်မယ်။
ဒီဖြစ်စဉ်ဟာ နှစ်ပေါင်း-၁၄၀ ကျော်ခဲ့ပြီ။ ကရင်အမျိုးသားတွေအနေနဲ့ လျှပ်စစ်စွမ်းအားကို ‘နားလည်တတ် ကျွမ်း-ထုတ်လုပ်-သွယ်တန်းပို့လွှတ်-သုံးစွဲမှု’ အဆင့်တွေထဲက ဘာကို လုပ်နိုင်နေပြီလဲဆိုတာ မြင်ကြည့် ကြဖို့ တိုက်တွန်းချင်တယ်။
ဒုတိယအနေနဲ့ ကမ္ဘာပေါ်မှာ လူနေမှုစနစ် ဖွံ့ဖြိုးမှုကို အလွယ်တကူ ရောင်ပြန်ဟပ်တဲ့ အခြေခံအကျဆုံး ‘စံပေတံ’တချို့ကို ကြည့်မယ်ဆိုရင် …
≈ လျှပ်စစ်ဓါတ်အား ထုတ်လုပ်-ဖြန့်ဝေရေးစနစ်
≈ ရေ ဖြန့်ဝေရေးစနစ်
≈ မိလ္လာနဲ့ ရေသွင်းရေထုတ်စနစ်
≈ (အချို့နေရာတွေမှာ) သဘာဝဓါတ်ငွေ့ ဖြန့်ဝေရေးစနစ်တို့ကို မြင်မယ်။
နောက်ထပ် တိုးချဲ့ထည့်တွက်ချင်ရင်တော့ ..
~ လမ်းပန်း ဆက်သွယ်ရေး
~ ဖုန်းနဲ့ အင်တာနက် အပါအဝင် ဆက်သွယ်ရေးစနစ်
~ ရေကြောင်း-လေကြောင်း အခြေခံအဆောက်အဦးတွေ ပါလာပါမယ်။
ဒါတွေ ပိုပြည့်စုံတာနဲ့အမျှ ပိုတိုးတက်မြင့်မားတဲ့ လူနေမှုစနစ်ရှိတယ်လို့ ပြောနိုင်တယ်။
သို့သော် ဘယ်အရာမှ အနှောင်အဖွဲ့ကင်းတဲ့ အကျိုးကျေးဇူးတွေ မပေးပါဘူး။ အလဲအထပ်နဲ့ စွန့်လွှတ်မှု တွေကို ရင်းနှီးမြုပ်နှံရပါတယ်။ အဓိက ထိခိုက်တာတစ်ခုကတော့ ‘သဘာဝပတ်ဝန်းကျင်’ပါပဲ။
ကနေ့ခေတ်မှာ ‘သဘာဝဝန်းကျင် ထိန်းသိမ်းရေး’အယူဆဟာ ရေပန်းစားလာတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေက နေ ပို့ကုန်တစ်ခုလို တင်ပို့လိုက်တဲ့ အယူအဆတစ်ရပ်ဖြစ်ပေမယ့် လက်ခံယူသူတွေကတော့ ဘုရားပေး ကျမ်းလို ဆုပ်ကိုင်ထားတတ်ကြတယ်။
သို့သော် ..

* ရေအားလျှပ်စစ်နဲ့ သောက်သုံးရေအတွက် ဆည်နဲ့ ရေကာတာတွေ လိုတယ်။
ဒီတော့ မြေ-လူနေဒေသ-ဘဝတွေ စတေးရတယ်။
* နေအားလျှပ်စစ်ကျတော့ ဆိုလာပြားတွေထုတ်ဖို့ ဆင်းရဲတဲ့ဒေသက ကမ်းခြေတွေကို ဖျက်ဆီးရပြန် ရော။ ပြီးရင် ပြန်သုံးလို့မရတဲ့ ဆိုလာအမှိုက်ပုံကြီးတွေ ဖြစ်လာတယ်။
* လေအားလျှပ်စစ်က လေတိုက်မှ ရသလို၊ ဧရာမ ဘက်ထရီကြီးတွေလည်း လိုတယ်။ မြေနေရာအကျယ် ကြီးယူသလို ငှက်တွေအတွက်တော့ မရဏရဟတ်ကြီးတွေပါပဲ။
* တခါ လမ်း-ရေမြောင်း-ဆက်သွယ်ရေးတိုင် စသည်ဖြင့် အခြေခံအဆောက်အဦးတွေ ဆောက်ဖို့ရာလည်း မြေနေရာ-ရင်းနှီးမြုပ်နှံမှု-လုပ်အားနဲ့ မျက်ရည်တွေ အများကြီး ပေးဆပ်ရလေ့ရှိတယ်။
ဒီတော့ ဒီဖွံ့ဖြိုးတိုးတက်မှုခရီးမှာ လူထုကြားထဲ သဘောထားအမြင်နဲ့ အစုတွေ မလွှဲမသွေ ကွဲလာရတယ်။ ဒီအထဲမှာ ..
» ခေတ်ရေစီးနဲ့ အလွယ်မျောပါပြီး ရောယောင်တဲ့ အစု
» ကိုယ့်တဘို့ထဲသိတဲ့ အစုနဲ့
» သဘာဝဝန်းကျင်အတွက် တစ်ပြားမှ မလျှော့ဘူးဆိုတဲ့ အစုတွေ စသည်ဖြင့် ထင်ထင်ရှားရှား မြင်နိုင် တယ်။
ဘယ်လိုဖြစ်စေ လူတိုင်းနီးပါး ထပ်တူညီတဲ့အချက်ကတော့ .. ကိုယ့်လူမှုဘဝကို အကောင်းဆုံး ရချင်-ဖြစ်ချင်-ဖြတ်သန်းချင်ကြတာချည်းပါပဲ။
ဒီအနေထားမှာ ရှောင်မရတဲ့ မေးခွန်းတစ်ခု ပေါ်လာတယ်။ ကရင်တွေ ဘယ်လိုလူနေမှုဘဝကို လိုချင်သ လဲ ဆိုတာပါ။
မေးခွန်းကို အပေါ်က အချက်တွေနဲ့ယှဉ်ပြီး အတိုချုပ်ရရင် ..
ကရင်တွေ တကယ်လိုအပ်နေတာက အလယ်အလတ် “မျှခြေ” တစ်ခုပါ။
» ခေတ်ရေစီးထဲ ရောယောင်မျောပါတဲ့ ဘဝတွေဟာ ဝတ္တရားမဲ့၊ ပေါ့ပျက်လွန်းပါတယ်။
» တဘို့ထဲကြည့်တဲ့ စိတ်ဓါတ်မျိုးကျပြန်တော့ စက်ဆုပ်စရာပါ။
» သဘာဝပတ်ဝန်းကျင်ကို တစ်စက်မှ အထိမခံချင်တာဟာလည်း ကျိုးကြောင်းမကျတဲ့အပြင် အနာဂတ် မျိုးဆက်တွေအတွက် ပျက်ကွက်မှုတွေအပေါ် သမိုင်းတရားခံတွေအဖြစ် တင်ကျန်ရစ်ဖို့ သေချာသ လောက်ပါပဲ။
ဒီနေရာမှာ လူတိုင်းနီးပါးအားကျတဲ့ နမူနာတစ်ခုက စင်္ကာပူပါ။
သောက်သုံးရေတောင် မလုံလောက်တဲ့ ဆိပ်ကမ်းနိုင်ငံငယ်လေးတခုကနေ အာရှရဲ့ ထိပ်တန်းနိုင်ငံဖြစ်လာ တာဟာ မှော်ဆန်လွန်းပါတယ်။
သူ့နိုင်ငံရဲ့ ထိပ်သီးသံတမန်တစ်ဦးကတော့ ဒီမှော်ဆန်တဲ့အောင်မြင်မှုဟာ …
= အရည်အသွေးရှိသူတွေကို ရှေ့တန်းတင်တဲ့စနစ် (Meritocracy)
= လက်တွေ့အကျိုးမျှော်ဝါဒ (Pragmatism) နဲ့
= မှန်ကန်ဖြောင့်မတ်ခြင်း (Honesty) တွေပေါ်မှာ အခြေခံတယ်လို့ လိုရင်းကို အနှစ်ချုပ်ပြခဲ့တယ်။
ဒါကိုပဲ လူမှုရှုထောင့်ဖက်က ကြည့်ရင်တော့ …
» ပညာ-စေတနာ-အမျှော်အမြင်ရှိပြီး တကယ့်အလုပ်ကြိုးစားတဲ့ ခေါင်းဆောင်တွေနဲ့
» တန်ဖိုးအရှိဆုံး သယံဇာတဖြစ်တဲ့ လူသားအရင်းမြစ် (တနည်း) လူထုကဏ္ဍတို့ အချိုးညီပေါင်းစပ်မှုရဲ့ ရလဒ်အဖြစ် မြင်ကြည့် သင်္ခန်းစာယူနိုင်ပါတယ်။
တစ်ချိန်ထဲမှာလည်း ရှေ့ကပြောခဲ့ပြီးသလို သူတို့ဟာ သဘာဝဝန်းကျင်နဲ့ လူ့ဆန္ဒအတော်များများကို စတေးရ၊ စွန့်လွှတ်ရတာတွေနဲ့ မလွှဲမသွေ ဖြတ်သန်းခဲ့ရတယ်ဆိုတာ သိရပါမယ်။ ဒါကို စင်္ကာပူရဲ့ ကွန်က ရစ်တိုက်အမြင့်ကြီးတွေပေါ် မြင်ရလေ့ရှိတဲ့ တွဲလောင်းချ အလှဆင်ထားတဲ့ နွယ်ပင်လေးတွေက၊ အတိတ် မှာ ချန်ရစ်ခဲ့ရတဲ့ သဘာဝပတ်ဝန်းကျင်ကို အမြဲတမ်း ရောင်ပြန်ဟပ်ပြနေမှာပါ။
နိဂုံးချုပ်ရရင် … လူနေမှုဘဝဆိုတာဟာ ကိုယ့်အသိနဲ့ ကိုယ့်ရွေးချယ်မှုတွေအပေါ် အများကြီး တည်မှီပါ တယ်။ ပညာ၊ အမျှော်အမြင်၊ ဦးဆောင်မှုတွေနဲ့အတူ ချွေးနဲ့ စွန့်လွှတ်မှုတချို့ပေါင်းစပ်ပြီး ပိုကောင်းတဲ့ လူနေမှုဘဝတွေ တည်ဆောက်နိုင်ကြဖို့ ဆန္ဒပြုလိုက်ပါရစေ။



















