ဇူလိုင် ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းလွှတ်တော် ဝန်ကြီးအိမ်ရာကို တတိယအကြိမ် ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၂၃ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇူလိုင်လ ၂၂ရက်နေ့ည ၈နာရီခွဲ ဝန်းကျင်အချိန်ခန့်တွင် တနင်္သာရီတိုင်းလွှတ်တော်ဝန်ကြီးအိမ်ရာကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အထူးပြောက်ကျားတပ်ဖွဲ့တို့ နှစ်ဖွဲ့ပူးပေါင်းကာ ၈၁ မမ စိန်ပြောင်းလက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက “ဒီတစ်ခေါက်က တတိယအကြိမ်ပါ။ ထိခိုက်မှု အခြေအနေကိုတော့ အခုထက်ထိ စုံစမ်းနေတုန်းပါပဲခင်ဗျာ။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါတိုက်ခိုက်ခံရသော တိုင်းဒေသကြီး လွှတ်တော်ဝန်ကြီးအိမ်ရာ အနီးတဝိုက်တွင် အာဏာသိမ်း စစ်ကောင်စီက မကြာခဏ လုံခြုံရေးများတိုးမြှင့်စွာစောင့်ကြပ်ထားသော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “မနေ့ညက အသံတွေကြားတယ်။ လက်နက်ကြီး အသံတွေ။ တံတားဘက်မှာ လုံခြုံရေးအပြည့်ပဲ။ အဲ့လို အသံတွေကြားရင် သူတို့ရှေ့ရောက်ရင် ဆိုင်ကယ်ဆင်းတွန်းရတာနဲ့။ တော်တော်ကို အလုပ်ရှုပ်တယ်။ တတ်နိုင်သ လောက်အိမ်ထဲမှာနေတာ အကောင်းဆုံးပဲ။” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့တွင်လည်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဋ္ဌာနဒုဦးစီးမှူး ဆိုသူ ဦးသိန်းဦးကိုလည်း ပစ်ခတ်ရှင်းလင်းမှုလုပ်ဆောင်ခဲ့သေးကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။


















