ဇူလိုင် ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ၊ သထုံမြို့နယ်တွင် စစ် ကောင်စီတပ်၏ နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုရန်ကြောင့် ဒေသခံ အရပ်သားပြည်သူ ၃,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရသည်ဟု ကေအဲန်ယူ သထုံခရိုင်က ဇူလိုင်လ ၂၂ရက်နေ့တွင် သတင်းထုတ်ပြန် ထားသည်။
စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း -ခမရ ၉ တပ်ရင်းနှင့် အမြှောက်တပ်-အမတ ၃၁၄ တို့သည် ယခုလ ဆန်း ပိုင်းမှစ၍ ကေအဲန်ယူ သထုံမြို့နယ် ရွှေရောင်ပြကျေးနယ်ထဲသို့ လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက် လုပ်ဆောင်နေသည့်အတွက် အိမ်ထောင်စု (၅၀၀)ကျော်မှ လူဦးရေ ၃၀၀၀ ကျော် ထွက်ပြေး နေရ ကြောင်း သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီဥက္ကဋ္ဌ စောကျော်မြင့်က ပြောသည်။
၎င်းက“ရွှေရောင်ပြအုပ်စုထဲက ရွာတွေထွက်ပြေးတိမ်းရှောင်ရတယ်။ ရွှေရောင်ပြတစ်ရွာထဲကို အိမ်ခြေ နှစ်ရာကျော်ပြီ။ အဝင်းကြီးဆိုရင်လည်း အိမ်ခြေတစ်ရာကျော်ပြီး စစ်ရှောင်ရတာ။ အဲဒီအနီး နားရွာ တွေက အကုန်ပါပဲရှောင်ရတယ်။ တချို့က ဆွေမျိုးအသိမိတ်ဆွေအိမ်တွေမှာ ရှောင်တာ များတယ်။ အများစုကတော့ တောတောင်တွေ လက်နက်ကြီး လွတ်မယ့်နေရာမှာရှောင်တာများတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်ရှောင်နေရသည့် ကျေးရွာများမှာ ရွှေရောင်ပြ၊ အဝင်းကြီး၊ ဇီးဝန်း၊ ပန်းအောင်ကုန်း၊ ခလောက် အင်း၊ မရမ်းကုန်း၊ မိချောင်းအိုင် ချောင်းစောက်၊ ဒေါင်းရွာစသည့် ကျေးရွာများဖြစ်ပြီး ရွာလုံး ကျွတ်ထွက် ပြေးတိမ်းရှောင်နေကြရဟု ကေအဲန်ယူ သထုံခရိုင် တာဝန်ရှိသူထံမှ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့တွင်လည်း သထုံမြို့နယ် အစူးချောင်းကျေးနယ် ကဇိုင်း ကျေးရွာထဲကို ကြာပန်းရှိ အမြောက်တပ်-အမတ ၂၀၆ ၏ လက်နက်ကြီးကြောင့် ဒေသခံအမျိုး သမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဇူလိုင်လ (၇)ရက်နေ့တုန်းကလည်း ရွှေရောင်ပြကျေးရွာထဲကို လက်နက်ကြီးပစ်ချသည့်အတွက် ကလေးငယ်၂ ဦးအပါအဝင် ဒေသခံ ၅ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သေးကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
အလားတူ ကျိုက်ထိုမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ (၁၄)ရက်နေ့မှစ၍ စစ်ကောင်စီ တပ်မ(၄၄) လက်အောက်ခံတပ်များ စစ်ကြောင်းထိုးဝင်လာသည့်အတွက် အိမ်ထောင်စု ၆၀၀ ကျော်မှ လူဦးရေ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို စျေးရောင်းနေသည့် အရပ်သား (၂) ဦးကိုလည်း စစ်ကောင် စီတပ်က အကြောင်းမဲ့ပစ်သတ်ခဲ့သေးကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်ထဲတွင် ဖော်ပြပါရှိသည်။
ကေအဲန်ယူ သထုံခရိုင်တွင် ဇူလိုင်လ(၁)ရက်မှ (၂၁) ရက်နေ့အထိ ကျေးရွာများထဲသို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး လက်နက်ကျည်ထိမှန်သေဆုံးပြီး ဦးဇင်း ၁ ပါး၊ သီလရှင် ၁ ပါးနှင့် အရပ်သား ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နယ်မြေအတွင်း စစ်ကောင်စီ စစ်ကြောင်း ထိုးလာစဉ်တွင်လည်း အရပ်သား ၅ ဦး ပစ်သတ်ခံရသေးသည်ဟု ကေအဲန်ယူ သတင်း ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။



















