Home သတင်း ဒူးပလာယာ ခရိုင်အတွင်း စစ်တပ်က စစ်ရေးအရှိန်မြှင့် ဆက်လုပ်နေခြင်းကြောင့် စစ်ဘေးရှောင်များ ပိုပြီး ခက်ခဲလာ

ဒူးပလာယာ ခရိုင်အတွင်း စစ်တပ်က စစ်ရေးအရှိန်မြှင့် ဆက်လုပ်နေခြင်းကြောင့် စစ်ဘေးရှောင်များ ပိုပြီး ခက်ခဲလာ

526
Photo-CJ

ဇွန်လ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်က မေလတစ်လလုံး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံကျေးရွာ ၅၀ ခန့်မှ နေရပ်စွန့်ခွာထွက်ပြေး နေရသူ ၃၀,၀၀၀ ခန့် စားသောက်စရာနေရာထိုင်ခင်း အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

မြဝတီ၊ ဝေါလေ၊ ကော့ကရိတ်တောင်ပိုင်း၊ မြောက်ပိုင်း၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ တောင်ကြာအင်း ၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ ဒေသအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ စစ်ဘေးရှောင် ကူညီနေသူ သတင်းအရင်းအမြစ်က ယခုလို ပြောသည်။

“အခုတလောက နယ်မြေ တစ်ခုလုံး တိုက်ပွဲ ဖြစ်နေတယ် နေရာစုံပေါ့။ စစ်တပ်လက်နက်ကြီးက အဝေး ပစ်တွေနဲ့ပဲ ပစ်ထုတ်နေတယ်၊ အဲ့တော့ ရွာတွေဘက်ပဲ ကျပေါက်တယ်။ ရွာသားထိတယ်။ အိမ်ထိတယ်။ လိုက်ရမ်းပစ်နေတာမျိုး ဖြစ်နေတယ်။ လေယာဥ်က နေ့ဘက်ကင်းထောက်တယ်၊ ညဘက်ဆို ဗုံးသီးလာ ကြဲတယ်။ ဘယ်မှစိတ်မချရတော့တဲ့ အခြေအနေဖြစ်နေတယ်။ အခုဆို ကော့ကရိတ်က ရွာပေါင်း ၈၀ နီးပါးရှိတာမှာ ရွာ ၅၀ လောက်က ရွာသားမိသားစု လူဦးရေ ၃၀၀၀၀ လောက် ဟိုခို ဒီကပ်နဲ့နေနေကြရ တယ်၊ ဒီမိုးတွင်းကတော့ ပိုဒုက္ခရောက်မယ့် အခြေအနေရှိတယ် ” လို့ စစ်ဘေးရှောင် ကူညီရေး လုပ်ဆောင်သူက ပြောသည်။

ယခု ဇွန်လအတွင်း ကျောင်းဖွင့်ချိန်နှင့် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းလုပ်ကိုင်ရမည့်အချိန် ဖြစ် နေသော်လည်း နှစ်ဖက်တိုက်ပွဲများ၊ စစ်ရေးတင်းမာနေမှုများ ဆက်ရှိနေသောကြောင့် မြို့ပေါ် ရပ်ကွက် စစ်ကောင်စီကျောင်းများသာ ဖွင့်လှစ်နိုင်ပြီး ကျေးရွာကျောင်းများ အနေဖြင့် စစ်ကောင်စီဘက်နှင့် ကရင် ပညာရေးဌာနကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိသလို လယ်ယာလုပ်ကိုင်ရန်အတွက် ၎င်းတို့ကျေးရွာဘက်သို့ ယခုအချိန်ထိ နေရပ်ပြန်လုပ်ကိုင် နိုင်ခြင်းမရှိသေးကြောင်း ကျုံဒိုး ကော့ဝါလဲ ကျေးရွာ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ရွာမှာက ခလရ ၅၄၆ တပ်နဲ့နီးတော့ လယ်ပေးမလုပ်ဘူး၊ ရွာကျောင်းလည်း တက်မယ့်သူ ကလေးတွေ မရှိ၊ စာသင်မယ့် ဆရာမလည်း မရှိဆိုတော့ ဖွင့်ဖို့ ခက်နေတယ်၊ ဖွင့်ဖို့တော့ လုပ်နေတယ်၊ ကျုံဒိုးမြို့ ပေါ်လည်း အခြေအနေ မကောင်းသေးဘူး။ စျေးတွေ၊ ကျောင်းတွေလည်း သိပ်တော့သွားတာ လာတာ သိပ်မရှိသေးဘူး၊ စစ်တပ်နဲ့ BGF ကတော့ စစ်ဆေးတာပိုလုပ်လာတယ်၊ မြို့ဝင်မြို့ထွက်၊ ရွာဝင် ရွာထွက် တွေမှာ သူတို့ စစ်ဆေးတဲ့ ဂိတ်တွေ လူပိုများလာတယ် ” ဟု ကော့ဝါလဲ ကျေးရွာ ဒေသခံက ပြောသည်။

ယခု ဇွန်လ ၂ရက်မှ ၄ရက်အထိ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူမြို့ဘက်တွင် စစ် တပ်က တာဝေးပစ်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းခြင်း၊ လေကြောင်းဖြင့်ဗုံးကြဲမှုအပြင် ပျူ စောထီး၊ ပြည်သူစစ်အဖွဲ့များ မြို့တွင်းရွာတွင်းပစ်ခတ်ခြင်း၊ ကျေးလက်လမ်းမများဖြတ် တောက် ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသောကြောင့် KNLA ပူးပေါင်း စစ်ကြောင်းများနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း KNLA ပူးပေါင်းစစ်ကြောင်း၏ စစ်ရေးသတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။