Home သတင်း ရွှေကုက္ကိုလ်နှင့် အင်ကြင်းမြိုင်ဒေသနှစ်ခုကိုပေးသည့် လျှပ်စစ်ဓာတ်အားကို ထိုင်းဖြတ်တောက်မည်

ရွှေကုက္ကိုလ်နှင့် အင်ကြင်းမြိုင်ဒေသနှစ်ခုကိုပေးသည့် လျှပ်စစ်ဓာတ်အားကို ထိုင်းဖြတ်တောက်မည်

1250

ဇွန်လ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသနှင့် မြဝတီမြို့တောင်ဘက်ပိုင်းရှိ လေးကေကော်မြို့ သစ် အနီးအင်ကြင်းမြိုင်ဒေသတို့ကို ပေးဝေနေသည့် ထိုင်းနိုင်ငံဘက်ခြမ်းမှ လျှပ်စစ်မီးများကို ဇွန်လ ၆ ရက်နေ့ မှစ၍ အကန့်အသက်မရှိ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဒေသ ၂ ခုတွင် နယ်ခြားစောင့်တပ်(BGF) တပ်များထိန်းချုပ်ထားရာ နေရာများဖြစ်ကာ ကာစီနိုလောင်း ကစားရုံအများအပြားကို လျှပ်စစ်မီးပေးဝေနေခြင်းဖြစ်ပြီး ထိုင်းအစိုးရနှင့် ရွှေမြစ်သောင်ရင်းကုမ္ပဏီ တို့ အကြား ချုပ်ဆိုထားသည့် လျှပ်စစ်ဓါတ်အားပေးဆိုင်ရာ သဘောတူညီချက်စာချုပ် သက်တမ်းကုန်ဆုံးမှုကြောင့် ယခုလို လျှပ်စစ်ဓာတ်အားဖြတ်တောက်မည်ဟု ကြားသိရကြောင်း ရွှေကုက္ကိုလ်ဒေသခံရွာ သားတစ်ဦးက ပြောသည်။

၎င်းက “ထိုင်းနဲ့မြန်မာ မီးပေးတဲ့ ကုမ္ပဏီတစ်ခုက စာချုပ်ကုန်သွားလို့ ရွှေကုက္ကိုလ်တစ်ခွင်လုံး ၆ ရက်နေ့ နောက် ဆုံးမီး ဖြတ်မယ်တဲ့။ မြဝတီတော့မပါဘူးပေါ့။ စာချုပ်အသစ်ပြန်ချုပ်ပြီး မီးပြန်ယူမယ်လို့ ကြားနေတယ်။ ဘယ်နှစ်လ ဖြတ်မယ်ဆိုတာတော့ မကြားသေးဘူး” ဟု ကေအိုင်စီ သို့ပြောသည်။

ထိုသို့ ရွှေကုက္ကိုလ်ဒေတွင် လျှပ်စစ်မီးဖြတ်တောက်မည့် သတင်းများထွက်ပေါ်လာခြင်းကြောင့် ၎င်းဒေသရှိ တရုတ် ကာစီနိုရုံများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျှင် မီးစက်ကြီးများဖြင့် အသုံးပြုရန် ပြင်ဆင်ထား ကြောင်း ဒေသခံရွာသားတစ်ဦးကဆက် ပြောသည်။

“တရုတ်ကာစီနိုတွေကျတော့ သူတို့မီးစက်ရှိတယ်။ မီးစက်အကြီးတွေနဲ့ မောင်းပြီး သုံးတယ်။ ရွာတွေဘက်ကျ တော့ မီးမလာရင် ဒီတိုင်းပဲနေပေါ့။ တရုတ်တွေ မီးစက်တွေဝယ်ပြီး ကြိုတင်ပြင်ဆင်တာတွေလုပ်နေ တယ်”ဟု ၎င်းရွှေကုက္ကိုလ်ဒေသခံက ဖြည့်စွက်ပြောသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ထိုင်းအာဏာပိုင်းများဘက်က တရားဝင် ထုတ်ပြန်ထားသော်လည်း မြန်မာနိုင်ငံဘက်တွင်မူ တစ်စုံတရာ သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း တွေ့ရသည်။

ထိုသို့ လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းသည် စာချုပ်သက်တမ်း ကုန်ဆုံးခြင်းဖြစ်သော်လည်း စစ်ကောင်စီ တပ်ဘက်မှ BGF တပ်များ ပိုင်သည့် ကာစီနို လုပ်ငန်းများကို ပိတ်သိမ်းရန် ကြိုးပမ်းခြင်းဖြစ်နိုင်ကြောင်းလည်း လေးကေကော်မြို့သစ်အနီးရှိ ဒေသခံ တာဝန်ရှိသူတစ်ဦးက ယခုလိုသုံးသပ် ပြောဆိုသည်။

“ပထမတစ်ချက် နှစ်ဦးနှစ်ဖက် ရွှေမြစ်သောင်ရင်းကုမ္ပဏီ သက်တမ်းကုန်သွားလည်းပါတယ်။ နောက်တစ် ချက်က စစ်ကောင်စီက BGF ရဲ့စီးပွားရေးလမ်းကြောင်းကို ပိတ်တဲ့သဘောလည်း ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲ ဆို တော့ ဆုံဆည်းမြိုင်မှာရှိတဲ့ BGF ဗိုလ်တင်ဝင်းပိုင်တဲ့ ကာစီနိုတွေကို မီးမပေးတော့ဘူး။ မြဝတီမှာပဲ ပေးမယ်။ စစ်ကောင်စီက BGF တွေကို ဖိအားပေးချင်တဲ့သဘောမျိုးလည်းပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အလားတူ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် ပြီးခဲ့သည့် မေလပိုင်းမှစ၍ တယ်လီဖုန်း အင်တာနက် လိုင်းများပြတ်တောက်နေပြီး စစ်ကောင်စီတပ်ပိုင်သည့် Mytel Wifi များကိုသာ ပြောင်းလဲအသုံးပြုနေရ ကြောင်း ဒေသခံရွာသားများ၏ ပြောဆိုချက်အရ သိရှိရသည်။