ဇွန်လ ၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ လုံခြုံရေးခြိမ်းခြောက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော နိုင်ငံတစ်ဝှမ်းရှိ စစ်ဘေး ရှောင်ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော်ရေး အကူအညီများနှင့် လူသားချင်း စာနာထောက်ပံ့မှုများ အထူးလိုအပ်နေကြောင်း နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ -BPHWT က ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် မေလ(၂၉)ရက်မှ ဇွန်လ(၂)ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ပြုလုပ်ခဲ့သော BPHWT အဖွဲ့၏ ကိုးကြိမ်မြောက်ညီလာခံအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုသို့ ပြောဆို ထားခြင်းဖြစ်သည်။
စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် လမ်းပန်းဆက်သွယ်ရေးခက်ခဲလာသည့်အတွက် BPHWT အပါအဝင် အခြားအကူအညီပေးသောအဖွဲ့များသည် စစ်ဘေးရှောင်များအတွက် အကူအညီပေးသော ကျန်းမာရေး အထောက်အပံ့များ စစ်ကောင်စီသို့ မရောက်ရှိစေရန် သတိထားသွားလာရပြီး အကူအညီများအား နယ်စပ်ဖြတ်ကျော်ခြင်းမှတစ်ဆင့်ပေးနိုင်ခြင်းက ပိုမိုကောင်းမွန်သည်ဟု BPHWT အတွင်းရေးမှူး စောဝင်းကျော်က ပြောသည်။
၎င်းက “ကျနော်တို့အနေနဲ့လည်း ပြည်တွင်းကနေ အကူအညီတွေပေးတဲ့နေရာမှာ လမ်းကြောင်း သတိထားရတာတွေရှိတယ်။ တောလမ်းတွေကသွားတဲ့အခါကျတော့ ကားသွားမရတဲ့နေရာတွေမှာ မြစ်ချောင်းတွေကိုဖြတ်သွားရတဲ့အခါ လမ်းချော်တာတွေရှိတယ်၊ အဲ့ဒါကြောင့်အကောင်းဆုံးကတော့ ထိုင်းဘက်နေဖြစ်ဖြစ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့၊ တရုတ်တို့ဘက်ကဖြစ်ဖြစ် ဝင်ပြီးကူညီပေးနိုင်မယ်ဆိုရင် ပိုကောင်းမယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
လတ်တလောတွင် BPHWT အနေဖြင့် ဆေးဝါးနှင့်ထောက်ပံ့ပစ္စည်းများအား ထိုင်းနိုင်ငံဘက်မှ အများဆုံးတင်သွင်း၍ အကူအညီပေးနေသော်လည်း ထိုင်းအာဏာပိုင်များနှင့်ညှိနှိုင်းပြောဆိုရသည့်အခါ ခက်ခဲမှုများလည်းရှိကြောင်း စောဝင်းကျော်က ဆက်လက်ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် အာဏာသိမ်းယူပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် စစ်ဘေးရှောင်ပြည်သူဦးရေ ၂ သန်း ခန့်ရှိလာပြီး စစ်ကောင်စီ၏ လုံခြုံရေးခြိမ်းခြောက်မှုများကြောင့် ၎င်းတို့၏ ဘဝရပ်တည်မှုသာမက ကိုယ် ရောစိတ်ပါ ထိခိုက်ခံစားနေကြရသလို စစ်ကောင်စီ၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုနှင့် အာဏာဖီ ဆန်ရေး လှုပ်ရှားမှုများကြောင့် ကျန်းမာရေးစနစ်ပြိုလဲ၍ လူထုကျန်းမာရေးစောင့်ရှောက်မှုများ အလှမ်းဝေးနေသည်ဟု BPHWT ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“စစ်တပ်က လေကြောင်းနဲ့ဖြစ်စေ၊ လက်နက်ကြီးနဲ့ဖြစ်စေ ဗုံးကြဲတိုက်ခိုက်လို့ ဆေးပေးခန်းတွေပျက်စီးတော့ ဆရာ၊ဆရာမတော်တော်များများက ကြောက်ပြီးပြေးကြတယ်။ အဲဒီတော့ စစ်ဖြစ်ပွားတဲ့ဒေသတွေမှာ ဆေးပေးခန်းတွေအတွက် ဆရာဝန်လုံလောက်မှုမရှိတော့ဘူး။ ကျနော်တို့အဖွဲ့တွေလည်း ကိုယ် တတ်နိုင်သလောက်တော့ လုပ်နေပေမယ့် လိုအပ်ချက်ကရှိနေတုန်းပဲ” ဟု စစ်ဘေးသင့်၏ဒေသများတွင် ကျန်းမာရေးစနစ်ချို့တဲ့ရခြင်း၏အခြေအနေနှင့်ပတ်သက်၍ စောဝင်းကျော်က ပြောသည်။
BPHWT အနေဖြင့်လည်း ဖက်ဒရယ်ဒီမိုကရေစီ၏ကျန်းမာရေးစနစ်ကို ဦးတည်၍ တိုင်းရင်းသား ကျန်းမာ ရေးအဖွဲ့များပါဝင်သော ကပေါင်းစုံနှင့်ညှိနှိုင်းပူးပေါင်းကာ ရေရှည်ခိုင်မြဲသော ကျန်းမာရေး စနစ်တိုးတက်မှုနှင့် အခြေခံကျန်းမာရေးအခွင့်အလမ်းများရရှိရန် လက်လှမ်းမီအောင် ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယခုကျင်းပပြီးသည့် BPHWT ညီလာခံတွင် အဖွဲ့၏ ဘဏ္ဍာရေးအစီရင်ခံစာ၊ လုပ်ငန်းအစီရင်ခံစာများကို တင်ပြဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံနှင့်လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ် အတည်ပြုဖြည့်စွက်ခြင်းများပြုလုပ်ပြီး ဥက္ကဋ္ဌ ဒေါက်တာစင်သီယာမောင်နှင့် အဖွဲ့ဝင်(၁၁)ဦးပါဝင်သည့် ဦးဆောင်အဖွဲ့ကိုရွေးကောက်တင်မြှောက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေးလံသီခေါင်သည့် စစ်ဖြစ်ပွားရာ တိုင်းရင်းသားဒေသများတွင် အခြေခံကျန်းမာရေးဝန်ဆောင်မှုများပေးရန် ရည်ရွယ်၍ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ BPHWTကို ၁၉၉၈ ဩဂုတ်လ(၁၆)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ကျောပိုးအိတ်အဖွဲ့ငယ် (၃၂)ဖွဲ့ဖြင့် ကရင်၊ ကရင်နီ၊ မွန်စသည့် ဒေသများရှိဝေးလံ ခေါင်ဖျား သည့်နေရာများတွင် မဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။
လက်ရှိတွင် BPHWT ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆရာ၊ဆရာမ စုစုပေါင်း (၅၆၀) ဦးကျော်ထားရှိသလို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆေးပေးခန်းတစ်ရာကျော်ရှိသည့်အနက် ကရင်တိုင်းရင်းသားဒေသများတွင် (၆၆) လုံး ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း အဖွဲ့၏ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။