မေလ ၂၉ ရက်၊၂၀၂၃ခုနှစ်၊ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ အငှားအိမ်ခန်းတွဲများကို စစ်ကောင်စီတပ်က ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်လျက်ရှိ နေ ကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်လက်အောက်ခံ စစ်တပ်၊ ရဲများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ အငှားအိမ်ခန်းတွဲများတွင် ညသန်းခေါင်ယံအချိန်များတွင် ရှောင် တခင် ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေပြီး တင်းတင်းကြပ်ကြပ်ကို လုပ်ဆောင်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ထားဝယ်မြို့ခံတစ်ဦးက ယခုလို ပြောသည်။
“အရင်ကတော့ရပ်ကွက်ထဲမှာတွေပဲ အစစ်များတယ်။ ပြီးတော့ ဒီရက်ပိုင်းသူစိမ်းတွေ မြို့ ထဲမှာ အဲ့လိုအခန်းတွဲတွေ ငှားပြီးလာနေကြတာများလာတယ်။ အရင်ကဆို ဒီလိုမျိုး တစ်ခါမှ မစစ်ဘူး။ ဒီရက်ပိုင်းမှာမှ အစစ်အဆေးများပြီး စစ်တပ်က တင်းတင်း ကြပ်ကြပ်ကို လုပ်လာတာ။”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
အဆိုပါ ဧည့်စာရင်းစစ်ဆေးမှုများကို ညဉ့်နက်လူအိပ်ချိန်များတွင် လုပ်ဆောင်နေပြီး ထိုသို့ စစ်ဆေးရာတွင်လည်းအိမ်ပြင်မှ စစ်ဆေးတာမျိုးမဟုတ်ဘဲ အိမ်အခန်းထဲထိ အတင်း အကြပ်ဝင်ရောက် စစ်ဆေးမှုမျိုးကို လုပ်ဆောင်သောကြောင့် ဒေသခံများ အနေ ဖြင့် ကြောက်ရွံ့နေကြရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် နောက်ထပ် ဒေသခံ တစ်ဦး က ပြောသည်။
၎င်းက “ရပ်ကွက်တွေထဲမှာဆို အိမ်ပြင်ကနေဘဲ စစ်ဆေးနေတာပဲ။ အခုဟာက အိမ်ခန်း ထဲထိဝင်လာပြီးတော့ ဧည့်စာရင်းတိုင်လားဘာလား။ သူတို့အိမ်လိုပဲ ဝင်ဝင်ပြီး စစ်တာ။ သူတို့က သေနတ်တွေနဲ့ဆိုတော့ ဘာမှပြန်မပြောရဲဘူးလေ။ အသိကောင်လေး တစ်ယောက်လည်း ဖမ်းခံထိတယ်။ လူငယ်တွေဖမ်းခံထိတယ်။ ”ဟု ကေအိုင်စီ သို့ ပြောသည်။
အလားတူ လက်ရှိထားဝယ်မြို့ပေါ်တွင် စစ်တပ်က မြို့ဝင်မြို့ထွက်နေရာများတွင် စစ်ဆေးရေးဂိတ်များကို အခိုင်အမာချထားကာ စစ်ဆေးဖမ်းဆီးမှုများကို လုပ်ဆောင် လျက်ရှိနေပြီး ရပ်ကွက်အိမ်လမ်းကြားများတွင်လည်း ကားများဖြင့် လိုက်လံ ဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်း သတင်းမီဒီယာများ ၏ ဖော်ပြချက်များအရ သိရသည်။



















