Home သတင်း ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းတွင် ကျောင်းသားဦးရေများပြီး သင်ထောက်ကူပစ္စည်းများလိုအပ်နေ

ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းတွင် ကျောင်းသားဦးရေများပြီး သင်ထောက်ကူပစ္စည်းများလိုအပ်နေ

779
photo-KRCEE
photo-KRCEE

မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများထဲတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ယခင်ပညာသင်နှစ်များထက် ကျောင်းသူ၊ ကျောင်းသားဦးရေများလာသဖြင့် စာသင်ကျောင်းအဆောက်အဦးနှင့် သင်ထောက်ကူပစ္စည်းများလို အပ်လျက်ရှိကြောင်း ပညာရေးတာဝန်ရှိသူများက ပြောသည်။

ယခုနှစ်တွင် အချို့စာသင်ကျောင်းများတွင် ပြည်တွင်းမှ လာရောက်ကျောင်းတက်သည့် ကျောင်းသား ဦးရေများပြားလာသော်လည်း ထောက်ပံ့မှုအလုံအလောက်မရရှိသလို ကျောင်းဆရာ၊ ဆရာမလို အပ်ချက် လည်းရှိသည်ဟု ကရင်ဒုက္ခသည်‌ကော်မတီဆိုင်ရာ ပညာ‌ရေးအဖွဲ့-KRCEE မှ သိရသည်။

KRCEE တာဝန်ရှိသူတစ်ဦးက “ကျောင်းသား/သူဦးရေက များလာတယ်။ ဒါပေမယ့် လိုအပ်တဲ့ အထောက်အပံ့ တွေကတော့ မများလာဘူး။ ဒီဒုက္ခသည်စခန်း (၇)ခုမှာ ပညာရေးအပိုင်းအသုံးစရိတ်က ဘတ်ငွေ ၈ သိန်းဝန်းကျင် လောက်ပဲ အထောက်အပံ့ရတော့ အားလုံးအတွက်က လုံလောက်မှုမရှိဘူးပေါ့။”ဟု ကေအိုင်စီသို့ပြောသည်။

၂၀၂၁ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲပြင်းထန်လာကာ နယ်မြေမတည်ငြိမ်သည့်အတွက် ကျောင်းသူ၊ ကျောင်းသားများသည် နယ်စပ်ဒေသရှိ KECD လက်အောက်ခံ စာ သင်ကျောင်းသို့ ပြောင်းရွှေ့စာသင်ကြားနေကြသလို အချို့မှာ နီးစပ်ရာဒုက္ခသည်စခန်းထဲတွင် သွားရောက် စာသင်နေကြရသည်ဟု သိရသည်။

“တစ်ဖက်ကကြည့်ရင် စစ်လေယာဉ်ကို ပြေးစရာမလိုတော့ဘူး၊ လက်နက်ကြီးပစ်မှာကိုစိုးရိမ်စရာမလိုတော့ဘူး ၊ အေးဆေး စာသင်လို့ရသေးတာပေါ့။ ဒါပေမယ့် တစ်ဖက်ကတော့ လိုအပ်ချက်တွေများပြီး လုံလောက်မှု တွေမရှိဘူးပေါ့”ဟု အဆိုပါ KRCEE တာဝန်ရှိသူက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများထဲတွင် ၂၀၁၈ခုနှစ်မှစတင်ကာ ပညာရေးဆိုင်ရာ အကူအညီအ ထောက်အပံ့များ အဆမတန်နည်းလာပြီးပညာရေးပုံမှန်လည်ပတ်နိုင်ရန်အတွက် စခန်းအတွင်းရှိ ကျောင်းသား မိဘများနှင့်အဖွဲ့အစည်းများမှ ပြန်လည် ဝိုင်းဝန်းကူညီနေကြရသည်ဟု သိရသည်။

အုန်ဖြန်ဒုက္ခသည်စခန်းရှိ ဒူးပလာယာ အမှတ်(၂)အထက်တန်းကျောင်း ကျောင်းအုပ်စောဝါးဝါးကလည်း “ကျနော်တို့ကျောင်းကတော့ ဒီနှစ်ကျောင်းသားဦးရေ ၁၀ ရာခိုင်နှုန်းလောက်တော့ တိုးလာတယ်။ အဆောက် အဦးတွေက ဒီလိုပဲရှိတာလေးနဲ့ ပြန်ပြင်နေရတယ်။ ကျောင်းသူ၊ ကျောင်းသားတွေဘက်ကတော့ စာအုပ်တွေ မလုံ လောက်ဘူး။ ဒီနှစ်မှမဟုတ်ဘူး ကြာပြီးပေါ့၊ ပုံနှိပ်စာအုပ်က ၂ ယောက် တစ်အုပ်ကြည့်ရတာရှိတယ်။ ပြီးတော့ အဓိကတော့ ကျောင်းဆရာ၊ ဆရာမအထောက်အပံ့တွေက လိုအပ်တာပေါ့” ဟု ကေအိုင်စီသို့ပြောသည်။

ထိုင်းနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း (၇)ခုတွင် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ (၃)နှစ်တာကာလအတွင်း ကျောင်း ဆရာ၊ ဆရာမအယောက် ၄၆၅ ဦးအတွက်သာ အကူအညီရရှိပြီး ယခုနှစ်တွင်ကျောင်းသားဦးရေများလာသည့် အပေါ် ကျောင်းဆရာ၊မဦးရေလည်းများလာသည့်အတွက် အကူအညီမရသည့် ကျောင်းဆရာ၊ မများကို စခန်းအ တွင်းရှိ အဖွဲ့အစည်းအချင်းချင်းသာ ကူညီရမည်ဖြစ်သည်ဟု KRCEE ထံမှ သိရသည်။

အထက်ပါ KRCEE တာဝန်ရှိသူက “ကျမတို့ ကျောင်းဆရာ၊မအတွက် အကူအညီရတာက ၄၆၅ဦးပဲ။ ကျန် တာတွေက ကျမတို့အဖွဲ့အစည်းတွင်းက အချင်းချင်းပြန်ကူညီရတာပေါ့။ အဲဒီရတဲ့ထောက်ပံ့ကြေးထဲမှာတောင် တစ်ယောက်ကို လုပ်အားခတစ်လကို (၁၀၀၀)ဘတ်ပဲရတယ်။ တချို့ကျောင်းဆရာမတွေက လုပ်သက်အပေါ် အတွေ့အကြုံပေါ်မူတည်ပြီး (၆၀) ဘတ်ထပ်တိုးပေးရတာတွေရှိတယ်။”ဟု ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ် လအူး၊ ထမ့်ဟင်နှင့် ဘန့်ဒုံယမ်းစသည့် ဒုက္ခသည်စခန်း (၇) ခုတွင် ကျောင်သူ၊ ကျောင်းသားဦးရေ ၁၆,၀၀၀ (တစ်သောင်းခြောက်ထောင်)ကျော်ရှိသည်ဟု KRCEE ထံမှ သိရသည်။