Home သတင်း ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များ အလုပ်အကိုင်ရရှိရေး ပံ့ပိုးကူညီဖို့ ဂျပန်နှင့် ILO သဘောတူစာချုပ် ချုပ်

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များ အလုပ်အကိုင်ရရှိရေး ပံ့ပိုးကူညီဖို့ ဂျပန်နှင့် ILO သဘောတူစာချုပ် ချုပ်

6
Photo: ILO

နိုဝင်ဘာ (၁၉) ရက်နေ့၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ။

ထိုင်းနိုင်ငံရောက် မြန်မာပြည်တွင်းနေရပ်စွန့်ခွာရသူများ အလုပ်အကိုင် ရရှိရေးအတွက် ပံ့ပိုးကူညီရန် ဂျပန်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် (၂)နှစ်သက်တမ်းရှိ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြကြောင်း ILO ထံမှ သိရသည်။

JICA က ရန်ပုံငွေ ဂျပန်ယန်း (၄၇၈) သန်းထောက်ပံ့ထားသည့် “မြန်မာနိုင်ငံစစ်ဘေးရှောင်များအတွက် အလုပ်အကိုင်ပံ့ပိုးရေးစနစ် အားကောင်းခိုင်မာစေခြင်း” စီမံကိန်း အကောင်အထည်ဖော်ရေး သဘောတူစာချုပ်ကို ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ မာဆာတို အိုတာကာနှင့် ILO ညွှန်ကြားရေးမှူးတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

စီမံကိန်းအရ ထိုင်းရောက်မြန်မာဒုက္ခသည်များနှင့် ၎င်းတို့၏မိသားစုဝင်(၄,၅၀၀)ဦးအတွက် အလုပ်မဝင်မီ ကြိုတင်လေ့ကျင့်သင်ကြားပေးခြင်း၊ စခန်းအတွင်း သင်တန်းနည်းပြများ မွေးထုတ်ပေးခြင်း၊ အလုပ်အကိုင်ချိတ်ဆက်ပေးသည့် ဝန်ဆောင်မှုများကို အားကောင်းစေခြင်းနှင့် အလုပ်ရှင်များထံ ဆက်သွယ်ရေး တိုးချဲ့ခြင်းတို့ လုပ်ဆောင်ပေးရန် ဖြစ်သည်။

“ဒီစီမံကိန်းက ဒုက္ခသည်တွေကို ဘေးကင်းလုံခြုံပြီး သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်တွေ ရရှိနိုင်ဖို့ ကူညီပေးတဲ့အပြင် အလုပ်ရှင်တွေရဲ့ လုပ်သားလိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ်” ဟု ILO ဌာနေရုံး ညွှန်ကြားရေးမှူးက ပြောသည်။

စီမံကိန်းကို တာ့ခ်၊ မယ်ဟောင်ဆောင်၊ ကန်ချနပူရီနှင့် ရတ်ချပူရီ ခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး အဓိကအားဖြင့် အလုပ်သမားလိုအပ်ချက် မြင့်မား၍ ဂျပန်စီးပွားရေးလုပ်ငန်း အများအပြား အခြေစိုက်ရာ ချွန်ဘူရီ၊ ရယောင်းနှင့် ကန်ချနဘူရီ တို့တွင် အကောင်အထည်ဖော်မည်ဟု ILO က ဆိုသည်။

Photo: ILO

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အချက်အလက်များအရ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုင်သူများအပါအဝင် ထိုင်းနိုင်ငံတွင် မြန်မာဒုက္ခသည် စုစုပေါင်း (၁၃၅,၉၀၀) ရှိကြောင်း သိရသည်။

ဂျပန်နှင့် ILO တို့ စီမံကိန်းသဘောတူစာချုပ်ချုပ်ဆိုမှုနှင့်ပတ်သက်ပြီး ကရင်ဒုက္ခသည်များကော်မတီ (KRC) ဥက္ကဌ စောရောဘတ်ထွေးကို ကေအိုင်စီက စုံစမ်းမေးမြန်းရာတွင်မူ ၎င်းတို့ထံ ဆက်သွယ်လာခြင်းမရှိသေးကြောင်း KRC က ပြောသည်။

အဆိုပါစီမံကိန်းကို UNHCR ၏ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုဖြင့် ILO အပြင် ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ILO ထံမှ သိရသည်။

အကောင်အထည်ဖော်ရာတွင် အလုပ်သမားများကို အကာအကွယ်ပေးရေး၊ တိုင်ကြားမှုဖြေရှင်းရေးနှင့် အလုပ်သမားများ၊ ၎င်းတို့မိသားစုများအတွက် နောက်ဆက်တွဲ ပံ့ပိုးကူညီမှုများကို အားကောင်းစေရန်အပြင် ရလဒ်ရေရှည်တည်တံ့စေမည့် မူဝါဒဆိုင်ရာ အကြံပြုချက်များအား ရေးဆွဲသွားရန် ရှိနေသည်။

နိုင်ငံတကာအလှူရှင်များထံမှ အကူအညီလျော့နည်းလာခြင်းကြောင့် ၂၀၂၅ ခုနှစ်ကစ၍ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် အိမ်ထောင်စု (၈၀) ရာခိုင်နှုန်းခန့် ရိက္ခာအကူအညီများ ဖြတ်တောက်ခံရလိုက်သည်။ ထိုအချိန်မှစ၍ ဒုက္ခသည်များအတွက် မိသားစုစားဝတ်နေရေး ကြပ်တည်းလာခြင်းကြောင့် ထိုင်းအစိုးရက ၎င်းတို့ကို စခန်းပြင်ပထွက် အလုပ်ထွက်လုပ်ခွင့်ပေးခဲ့ခြင်းလည်း ဖြစ်သည်။