Home သတင်း ကော့ကရိတ်ကိုးတိုင်ဂိတ်တွင် စစ်အုပ်စုက ခရီးသွားများကို ခြိမ်းခြောက်ငွေညှစ်

ကော့ကရိတ်ကိုးတိုင်ဂိတ်တွင် စစ်အုပ်စုက ခရီးသွားများကို ခြိမ်းခြောက်ငွေညှစ်

4
Photo: CJ

နိုဝင်ဘာ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံ-မြဝတီအာရှလမ်းမပေါ်ရှိ ကိုးတိုင်စစ်ဆေးရေးဂိတ်တွင် စစ်အုပ်စုနှင့် ဌာနဆိုင်ရာ စစ်ဆေးရေးဂိတ်များက ယခု နိုဝင်ဘာလအတွင်း ခရီးသွားများထံမှ အကြောင်းအမျိုးမျိုးပြ ခြိမ်းခြောက် ငွေညှစ်မှု များလာကြောင်း ဒေသတွင်းခရီးသွားများထံမှ သိရသည်။

တရားမဝင်ထိုင်းထုတ်ကုန်များ၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်လာခြင်း စသည်ဖြင့် အကြောင်းပြ စစ်အုပ်စု ဌာနဆိုင်ရာက ခရီးသွားလာမော်တော်ယာဥ်များထံမှ ကျပ်ငွေ တစ်သောင်းမှ ဆယ်သိန်းအထိ ခြိမ်းခြောက် တောင်းယူနေခြင်းဖြစ်သည်ဟု နယ်စပ်မှ ဖားအံသို့ပြန်လာသည့် ဒေသခံတစ်ဦးက ပြောသည်။

“အိမ်စားဖို့ ထိုင်းစားသောက်ကုန်တွေ ပွဲဈေးကဝယ်လာတာကို ထိုင်းက ပြန်လာတာဆိုပြီး စားစရာတွေသိမ်းတယ်။ ကားကိုလည်း တာယာလဲ လာလား၊ ထိုင်းထုတ် တာယာအသစ်လား၊ ဂိတ်ကြေးငါးသောင်းပေး၊ လူကိုလည်း စမတ်ကတ်ပြ၊ ပတ်စပို့ပြ၊ CI ပြဆိုပြီးစစ်တယ်။ ပြောလည်းမရဘူး ပေးခဲ့ရတယ်” ဟု အဆိုပါ ဖားအံမြို့နေထိုင်သူက ပြောသည်။

ပွင့်လင်းခရီးသွားရာသီကာလ ဖြစ်သောကြောင့် ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် မဲဆောက်ဘက်အထိ ပြည်တွင်းမှ အလည်အပတ်သွားကြသူများ ရှိသည့်အပေါ်တွင် အဆိုပါစစ်ဆေးရေးဂိတ်များကို ဖြတ်သန်းသွားရသည်။

အစစ်အဆေးကို စစ်အုပ်စု၊ ရဲ၊ ဌာနဆိုင်ရာ အဖွဲ့စုံက လုပ်ဆောင်နေခြင်းဖြစ်၍ ဝယ်ယူလာသည့် အသေးသုံးပစ္စည်းမှအစ အိမ်သုံးလျှပ်စစ်ပစ္စည်းများအထိ အကြောင်းပြရှာဖွေ ငွေညှစ်နေခြင်းဖြစ်သည်ဟု ခရီးသွားများက ပြောသည်။

Photo: CJ

မြဝတီ-ဖားအံခရီးသည်တင်ံ ယာဥ်မောင်းတစ်ဦးက “အဲကွန်းတို့‌ ရေခဲ‌သေတ္တာတို့ သယ်လာရင် ငါးသိန်း၊ ဆယ်သိန်းတောင်းတယ်။ မ‌ပေးရင်အဖမ်းခံရမယ် ပစ္စည်းသိမ်းမယ်ဆိုတော့ငွေပေးရတာပဲ ” ဟု ကေအိုင်စီကို‌ ပြောသည်။

မြဝတီ-ကော့ကရိတ်-ဖားအံ အာရှလမ်းကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားသော်လည်း ထိုင်းကုန်စည်တင်ဆောင်လာသော ယာဥ်များ ပြန်လည်သွားလာခွင့်ကို တရားဝင်ခွင့်ပြုမထားသောကြောင့် စစ်အုပ်စုက ခရီးသည်တင်ယာဥ်များထံမှ ထိုသို့ခြိမ်းခြောက်ငွေညှစ်ယူနေခြင်းလည်း ဖြစ်သည်။

ထို့အတူ ဒေသတွင်းခရီးသွားများ ပြောပြချက်အရ မြဝတီဘက်မှ မြေနီကုန်းဂိတ်၊ သဃ်န်းညီနောင်၊ ကော့ကရိတ်ကိုးတိုင်အဖွဲ့စုံဂိတ်၊ နွားခြံကုန်း၊ ကျုံဒိုးမြို့အဝင် နှင့် ဂျိုင်းတံတား၊ ကျားကလေးလမ်းဆုံ၊ သာယာကုန်းရဲကင်း၊ နောင်လုံတောင်ကြား၊ သံလွင်တံတား၊ ဇာသပြင်တံတားဂိတ်များတွင် စစ်အုပ်စု စစ်ဆေးရေးဂိတ်များ ရှိထားသည်။

ထိုင်းကုန်စည်တင်မော်တော်ယာဥ်များမှာမူ ကရင်လက်နက်ကိုင်လှုပ်ရှားနယ်မြေများဖြစ်သည့် ထို့ ကော်ကိုးလမ်း၊ နဘူးလမ်း၊ ၁၀၁၈ လမ်းနှင့် ကြက်ဥတောင်လမ်းများ အသုံးပြုပြီး ဖားအံမြို့ဘက်သို့ သွားလာနေရကြောင်း သိရသည်။

Photo: CJ