Home သတင်း ကင်းလှည့်နေသည့် BGF တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကင်းလှည့်နေသည့် BGF တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

872

မေလ(၂၉)ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်မြေအတွင်းသို့ ပြီးခဲ့သည့် မေလ(၂၆)ရက်က လမ်းကင်းလှည့်နေသည့် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် -KNLA က တိုက်ခိုက်သောကြောင့် BGF တပ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ၏ မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့တွင် သတင်းထုတ်ပြန်ထား သည်။

ကေအဲန်ယူ၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင် ဝါးဒူးနှင့်လယ် ကွဲကျေးရွာ အကြားရှိ ဓာတ်ဆီ ဆိုင်တစ်နေရာတွင် လမ်းကင်းယူနေသည့် BGF တပ်ရင်း -၁၀၁၃ တပ်ဖွဲ့များကို KNLA အမှတ်(၅) တပ်မ ဟာ၏ ဌာနချုပ်ရဲဘော်များနှင့် ၎င်းလက်အောက်ရှိ တပ်ရင်း(၁၀၂)တပ်ဖွဲ့ဝင်များက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူမူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုအပြီး BGF တပ်ဖွဲ့ဝင်များထံမှ M-16 AR (၄) လက်နှင့်၎င်းကျည် (၃၂၀) တောင့်၊ M-79 လောင်ချာတစ်လက်နှင့် ၎င်းကျည် (၁၇) လုံး၊ 9-MM ပစ္စတိုတစ်လက်၊ စစ်ဝတ်တန်ဆာ(၄)စုံ၊ M-16 AR ကျည်ဘောက်(၄)ချပ်၊ စကားပြောစက်တစ်လုံးနှင့် ကျောပိုးအိတ် (၆)လုံးတို့ကိုလည်း သိမ်းဆည်းရ မိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

ထို့အပြင် ၎င်းတိုက်ပွဲအတွင်း BGF ဘက်မှ ၅ ဦးသေဆုံးခဲ့သော်လည်း KNLA တပ်ဘက်မှ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း ကေအဲန်ယူဘက်က ဆိုထားပြီး အဆိုပါ ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်ပြီး ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အလားတူ ပြီးခဲ့သည့် မေလ(၂၃)ရက်နေ့ကလည်း မူတြော်(ဖာပွန်)ခရိုင် လယ်မူပလောမြို့နယ် ယိုဒိုခိုနှင့် ယူဂိုလော် ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KNLA အမှတ်(၅) တပ်ဖွဲ့ဝင်များက သွား ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်းလည်း ကေအဲန်ယူ မူတြော်ခရိုင် သတင်းစဉ်က ထုတ်ပြန်ထားခဲ့သေးသည်။