ဧပြီလ ၁၉ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်းရှိ မဲကနယ်ကျေးရွာနှင့် နီးစပ်သည့် နေရာများတွင် ယနေ့ ဧပြီလ ၁၉ ရက် နံနက်ပိုင်းက နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင် စီတပ်များ အကြား တိုက်ပွဲဖြစ်ပွားနေသောကြောင့် မြဝတီ−ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ယာဉ်များ ရာနှင့်ချီ ပိတ်မိနေကြောင်း ယာဉ်မောင်းများက ပြောသည်။
ယနေ့ နံနက်ပိုင်းမှစတင်ကာ မြဝတီတောင်ဘက် မဲကနယ်ဒေသဘက်တွင် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွား၍ ပြီးခဲ့သည့်လက မိုင်းဆွဲခံထားရသော တောနော် ရေတံခွန်အနီးရှိ ပျက်စီးနေသည့် တံတားနေရာမှစ၍ ယာဉ်များရာနှင့်ချီ ပိတ်မိလျက်ရှိနေသည်ဟု ယာဉ် မောင်းတစ်ဦးက ယခုလိုပြောသည်။
၎င်းက “မဲကနယ်ဘက်မှာ တိုက်ပွဲဖြစ်နေတော့ ဒီဘက်ဂိတ်တွေက ကားသိပ်မပေးသွားတော့ဘူး။ အခြေ အနေကတော့ တိုက်ပွဲဖြစ်နေတုန်းပဲ။ မနက်ကတည်းကနေကားတွေ ရာဂဏန်းလောက်ထိ ပိတ်နေ တယ်။ တောနော် နားတံတားကျိုးသွားတဲ့နေရာကစပြီး ပိတ်နေတယ်။ လမ်းမကောင်းတော့ ကားတွေ မတက်နိုင်ဘူး။ ကားတွေက တံတားပေါ်ကသွားလို့မရတော့ အောက်လမ်းက နေသွားနေရတယ်”ဟု ပြောသည်။
တိုက်ပွဲနေရာနှင့်နီးစပ်သည့် မြဝတီမြို့မှ ဒေသခံပြည်သူများအနေဖြင့်လည်း လက်နက်ကြီး ပစ်ခတ် သံများ နီးစပ်လာသောကြောင့် ဘေးလွတ်ရာသို့တိမ်းရှောင်ရန် ပြင်ဆင်ထားနေရကြောင်း မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “မနေ့ညကနေ လက်နက်ကြီးသံတွေကြားနေရတယ်။ အသံက ပစ်တာတော်တော် လေးနီးလာပြီး။ ဒီညနေအခြေ အနေစောင့်ကြည့်ပြီးရင်တော့ ရှောင်တော့မယ်”ဟု ပြောသည်။
၎င်းမဲကနယ်ကျေးရွာ ကျောက်တောင် ကျောက်မဲ နေရာများတွင်တိုက်ပွဲ ဖြစ်ပွားလျက်ရှိနေသောကြောင့် စစ်ကောင်စီတပ်ဘက်မှလည်း မြဝတီမြို့အဝင် အထွက်ဂိတ်များကို လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ဆေးမှုများတင်းကြပ်ထားကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၇ရက်မှ ဧပြီလ ၂၁ရက်နေ့ထိ ကောကရိတ်-မြဝတီ အာရှလမ်းတစ်လျှောက်ကို ပြည် သူများအနေဖြင့် သွားလာခြင်းမပြုရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သတိပေးစာ ထုတ်ပြန်ထားခဲ့သေးသည်။
ယနေ့တိုက်ပွဲဖြစ်ပေါ်နေသည့် မဲကနယ်ကျေးရွာ ကျောက်တောင် ကျောက်မဲနေရာအနီး တစ်ဝိုက်ကို စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများဖြင့် လာရောက် ပစ်ခတ်ခဲ့သေးကြောင်းလည်း ဒေသခံများက ပြောသည်။