Home သတင်း မြ၀တီမြို့မှ ကျုံဒိုးဒေသအထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေ

မြ၀တီမြို့မှ ကျုံဒိုးဒေသအထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေ

551
Photo: CJ

မတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ် ။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြ၀တီ မြို့ကုန်သွယ်ရေးဇုန်နေရာမှ မြ၀တီအာရှလမ်းမကြီး တစ်လျှောက် ကော့ကရိတ်၊ ကျုံဒိုးမြို့တွင်း၊ မြို့ပြင်နေရာများအထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲနေရာစုံ အပြင်းအထန်ဖြစ်ပွားနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ယနေ့ မတ်လ၂၅ ရက် နံနက်ပိုင်း ၅နာရီကျော်အချိန်မှစတင်ကာ မြ၀တီကုန်သွယ်ရေးဇုန် BGF နှင့်ရဲ ပူးပေါင်းစစ်ဆေးရေးဂိတ်၊ အကောက်အခွန် ရုံးအဆောင်အနီး စတင်တိုက်ပွဲဖြစ်ပွားခဲ့ရာမှတစ်ဆင့် သင်္ဃန်းညီနောင် ရဲစခန်း၊ ခြေလျင်တပ်ရင်း-ခလရ ၂၇၅ တပ်ရင်းတို့ဘက်တွင် တိုက်ပွဲထပ်မံဖြစ်ပွားနေကာ ကော့ကရိတ်၊ အာရှလမ်း၊ ကျုံဒိုးရဲစခန်း၊ ခြေမြန် တပ်ရင်း-ခမရ ၅၄၆ တပ်ရင်းနေရာဘက်များကိုပါ ဆက်တိုက်နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ယခုလို ပြောသည်။

“ကုန်သွယ်ရေးဇုန် ထိပ် BGFနဲ့ ရဲနဲ့ ဂိတ်ထိုင်ပိုက်ဆံ ကောက်တဲ့ ကတုတ်ကို ၀င်ပစ်တယ်၊ မီးရှို့တယ်၊ နောက်ကာစတန်အဆောင်ကို မီးရှို့တယ်။ သင်္ဃန်းညီနောင် ရဲစခန်း၊ ခလရ ၂၇၅ တပ်ဘက်လည်း ပစ်ခတ်နေတယ်၊ အာရှလမ်းမှာတော့ လမ်းတွေကတ္တရာတွေ အချပ်လိုက်ကြွတက်ပြီး လမ်းတွေ ပျက်ကုန်ပြီ၊ ကျုံဒိုးမှာတော့ ရဲစခန်းကုန်းဘက်၊ ညောင်ရိပ်သာရွာဘက် ၅၄၆ တပ်ဘက်တွေမှာပါ တစ်ပြိုင်တည်း တိုက်ပွဲဖြစ်နေတယ်၊ စစ်တပ် နေရာတွေကတော့ လက်နက်ကြီးတွေ ပစ်ထုတ်နေပြီး ရဟတ်ယာဉ် ၂ စီးကတော့ နေရာစုံဝဲပြီး ပစ်လိုက် ဗုံးကြီးကြဲလိုက် လုပ်နေတယ်”ဟု ပြောသည်။

Photo: CJ

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့် မြ၀တီ -ကော့ကရိတ် အာရှလမ်းမတစ်လျှောက် မြ၀တီကုန်သွယ်ရေးဇုန်နေရာများ အဓိကတိုက်ပွဲ ပြင်းထန်နေမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး တံတားအမှတ် ၂ ယာယီ ပိတ်ထားရပြီး မြ၀တီမြို့တွင်လည်း ညနေ ၄ နာရီမှ နောက်တစ်နေ့ နံနက် ၁၀ နာရီအထိ အရေးပေါ် အပြင်မထွက်ရအမိန့် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

“ရုတ်တရက် မနက်အစောအကြီးပစ်နေကြတာဆိုတော့ အာရှလမ်းပေါ်မှာရော၊ ကုန်သွယ်ရေးဇုန်မှာရော၊ ကျုံဒိုးမှာရော လူတွေကားတွေ၊ ရွာသားတွေ ပိတ်မိနေတယ်။ နှစ်ဖက် ထိခိုက်တာ၊ ကျဆုံးတာတွေ ရှိနေတယ်။ မြေပြင်အခြေအနေကိုတော့ အတိအကျ မသိရသေးဘူး ”ဟု စစ်ရေး နယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိအချိန်အထိ မြ၀တီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ်၊ ကျုံဒိုး၊ အာရှလမ်းပိုင်း တစ်လျှောက်ရှိ စစ်ကောင်စီတပ်လက်နက်ကြီး တပ်ဆင်ထားသည့် နေရာများမှ KNLA ပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှားသည့်နေရာများဘက် မြေပြင်လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေပြီး လေ ကြောင်းမှ ရဟတ်ယာဉ် Mi 35 ၂စင်းဖြင့် လှည့်လည် ပစ်ခတ်နေသည့်အတွက် အရပ်သားများ၊ ကျေးရွာသားများ၊ နေအိမ်များ ထိခိုက်ပျက်စီး ဒဏ်ရာရရှိမှုရှိနေကြောင်း ကျုံဒိုးဒေသခံများပြောစကားအရ သိရသည်။