Home သတင်း မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများတွင် ရေမီတာခဈေးနှုန်းမြင့်တက်လာပြီး သောက်သုံးရေ အခက်အခဲကြုံနေရ

မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများတွင် ရေမီတာခဈေးနှုန်းမြင့်တက်လာပြီး သောက်သုံးရေ အခက်အခဲကြုံနေရ

551
Photo: CJ

မတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ယခုမတ်လ လယ်ပိုင်း မှစတင်ကာ ရေမီတာခဈေးနှုန်းများ မြင့်တက်လာပြီး သောက်သုံးရေ အလုံအလောက် မရရှိမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ကော့သောင်းမြို့ပေါ်ရှိ ရပ်ကွက်များတွင် သောက်သုံးရေကို ကိုယ်ပိုင်ရေတွင်းများနှင့်ပုဂ္ဂလိက ရေပေး ဝေရေးလုပ်ငန်းများမှ မီတာယူနစ်ဖြင့်ရေများကို အသုံးပြုနေရသော်လည်း လက်ရှိ ရေတွင်းရေများ ခမ်းခြောက်ပြီး ရေမီတာယူနစ်များ ဈေးတက်လာသည့်အတွက် ရေကားများကို အဓိက ဝယ်ယူအသုံးပြုနေရကြောင်း မြို့နေပြည်သူတစ်ဦးက ပြောသည်။

၎င်းက “ရေဝယ်သုံးနေရတာ တစ်လကျော်ကျော်လောက်ရှိပြီး။ ပြီးတော့ မီတာယူနစ်နဲ့ပေးရတဲ့ ရေတွေ ဆိုရင်လည်း ရေမသုံးရဘဲ ယူနစ်က တက်နေတာ။ ရေဝယ်ဖို့ရေကားခေါ်ရင်လည်း တိုင်ကီတစ်လုံး ထဲဆိုရင် မထည့်ပေးဘူးတဲ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ကော့သောင်းမြို့တွင် ရေမီတာတစ်ယူနစ်ကို ၂,၀၀၀ ကျပ်မှ ၂,၅၀၀ ကျပ်အထိ ပေးဆောင်နေရပြီး ရေ ကားများမှာလည်း တစ်ပီပါကို ၁,၀၀၀ ကျပ်မှ ၁,၃၀၀ ကျပ်အထိပေးဆောင်နေရခြင်းကြောင့် ရေရှားလာ သည့်ကာလများတွင် ယခုဈေးထက်အဆမတန် ပိုမိုပေးဆောင်လာရနိုင်ကြောင်း အိမ်ရှင်မများက ပြောဆိုကြသည်။

ကော့သောင်းမြို့နယ်ရှိ ကျေးရွာများဘက်တွင်လည်း ရေမီတာခဈေးနှုန်းများ ယခုလက်ရှိဈေးနှုန်း ထက်မြင့်တက်မည်ဟူသောသတင်းများလည်း ထွက်ပါ်လျက်ရှိသည်ဟု ဒေသခံ ရွာသားတစ်ဦးက ယခုလို ပြောသည်။

“ရေမီတာခကတော့ ဈေးတက်လာတယ်။ တချို့ရွာတွေဆိုရေတောင် သိပ်မမှန်ဘူး။ ပြီးတော့ မီတာ ခတွေဈေးမြင့်တက်လာတယ်။ တစ်ရွာနဲ့တစ်ရွာမတူဘူး။ အရင်က ၅၀၀၊ အခု လက်ရှိ ၆၅၀၊ တစ်ထောင်ထိတိုးမယ်ဆိုပြီး သတင်းတွေလည်း ထွက်နေတယ်။”ဟု ကေအိုင်စီသို့ပြောသည်။

ကော့သောင်းတစ်မြို့လုံးကို ၁၂ ရာသီ ရေပေးဝေနိုင်ရန် ၂၀၂၀ ခုနှစ်ကတည်းက စီစဉ်ဆောင်ရွက် နေသည့် Good Water ကုမ္ပဏီ၏ စီမံကိန်းကလည်း အခုချိန်ထိ မပြီးစီးသေးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်များအရ သိရသည်။