Home သတင်း မြ၀တီ၊ ကျုံဒိုး နှစ်ဖက်တိုက်ပွဲ ဖြစ်စဉ်အတွင်း အရပ်သား သေဆုံးထိခိုက်မှုများရှိနေ

မြ၀တီ၊ ကျုံဒိုး နှစ်ဖက်တိုက်ပွဲ ဖြစ်စဉ်အတွင်း အရပ်သား သေဆုံးထိခိုက်မှုများရှိနေ

573

မတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ် ။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြ၀တီမြို့မှ ကျုံဒိုးမြို့အထိ ယနေ့ ဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်စဉ်တွင် အရပ်သားထိခိုက်သေဆုံးမှုရှိသည်ဟု သိရသည်။

ယနေ့ မတ်လ ၂၅ ရက်၊ နံနက်ပိုင်း ၉ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာ ကျုံဒိုးမြို့ အနီး၀န်းကျင်ကို စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်နှင့် မြေပြင်စစ်တပ် ၂ခုက ပစ်ခတ်သည့် လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် လူနေအိမ်အချို့ ပြိုကျပျက်စီးမှုရှိနေပြီး လူငယ် ၂ ဦး သေဆုံးကာ အမျိုးသမီး ၂ ဦးနှင့် ကလေးတစ်ဦးဒဏ်ရာရရှိထားကြောင်း ကျုံဒိုးဒေသခံများက ပြောသည်။

“နံနက် ၉ နာရီလောက်မှာ ရဟတ်ယာဉ်ဝဲတယ်၊ စက်သေနတ်နဲ့ပစ် ဗုံးသီးချတာမှာ တောင်ကရင်စုဘက် က ကလေးတစ်ယောက်၊ အဖွားတစ်ယောက်၊ မြောက်ကရင်စုက အမျိုးသမီး တစ်ယောက် ဒဏ်ရာရှိ ထားပြီး ကျုံဒိုးရဲစခန်းအနီးက အရပ်သားလူငယ်တစ်ယောက်၊ ကျုံဒိုးလမ်းမကြီးအိမ်တန်းက လူငယ် တစ် ယောက် သေဆုံးတယ်။ တိုက်ပွဲကမြို့ထဲမှာရော၊ မြို့ပြင်မှာရောအဖွဲ့တွေဝိုင်းပစ်နေတာနဲ့ ၅၄၅ /၅၄၆ တပ်နှစ်ခုက လက်နက်ကြီးပစ်ထုတ်တာနဲ့ ရဟတ်ယာဉ်ကပစ်ချတာနဲ့ကြောင့် အိမ်တွေထိတယ်၊ ပြို တယ်။ အိမ်သားတွေ လက်နက်ကြီးအစမှန်တာတွေ ဆက်ရှိနေတယ်။”ဟု တောင်ကရင်စုနေထိုင်သူ တစ် ဦးက ပြောသည်။

ယနေ့နံနက်တွင် မြ၀တီမြို့ဘက် ကော့ကရိတ်အာရှလမ်း၊ ကျုံဒိုး မြို့ပြင် နေရာများတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့ကျားဖြူ စစ်ကြောင်း၏ စစ်ကြောင်းမှူး ဗိုလ်ကျော်သက်မှ မြ၀တီမြို့မှ ကျုံဒိုးမြို့ဘက်အထိ နှစ်ဖက်စစ်ရေး၊ လုံခြုံရေးအခြေအနေများ ရှုပ်ထွေးနေသည့်အတွက် အရပ်သားများ ဖြတ်သန်းသွားလာမှုမပြုလုပ်ကြရန် ကြေညာချက်တစ်စောင်ထုတ်ပြန်ထားသလို စစ် ကောင်စီဘက်ကလည်း မြ၀တီမြို့တွင် ညနေ ၄နာရီမှ နောက်တစ်ရက် နံနက် ၁၀ နာရီအထိ မာရှယ် လော အရေးပေါ်အမိန့်ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

လက်ရှိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပစ်ခတ်မှုများ ကျုံဒိုးမြို့တွင်းနှင့် မြို့ပြင်ရွာပြင် နေရာများဘက်တွင် ပစ်ခတ်မှုဆက်ရှိနေပြီး ကျုံဒိုးရပ်ကွက်သားများအပြင် ဟောင်သရော /ဂျိုင်းမြစ်တစ်ဘက်ကမ်း ကျေးရွာ များဖြစ်သော၊ ကမ်းနီ၊ ညောင်ရိပ်သာ၊ သရက်တောကျေးရွာများမှ ဒေသခံများ၊ ကျုံဒိုး၊ ချောင်ဖျား၊ တောင်ကရင်စု၊ မြောက်ကရင်စု၊ ကွက်သစ်ဘက် နေထိုင်သူဒေသခံများ အရေးပေါ် အခြေအနေဖြင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကျုံဒိုးရဲစခန်းအား ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေရာတွင် ရဲစခန်းအား သိမ်းပိုက်ရရှိသည်ဟု သတင်းများထွက်ပေါ်နေ သော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။