Home ဆောင်းပါး မြင့်တက်လာတဲ့ စိတ်ကြွဆေးပြားသုံးစွဲမှုကို ထိန်းချုပ်ဖို့ကြိုးစားတဲ့ ကရင်အဖွဲ့အစည်းများ

မြင့်တက်လာတဲ့ စိတ်ကြွဆေးပြားသုံးစွဲမှုကို ထိန်းချုပ်ဖို့ကြိုးစားတဲ့ ကရင်အဖွဲ့အစည်းများ

1212

မြင့်တက်လာတဲ့ စိတ်ကြွဆေးပြားသုံးစွဲမှုကို ထိန်းချုပ်ဖို့ကြိုးစားတဲ့ ကရင်အဖွဲ့အစည်းများ

(မတ်လ ၁၆၊ ၂၀၂၃ ခုနှစ်)

“သူတစ်နေရာသွားမယ်လို့ ပြောတယ်။ သူ့မိန်းမကတားတော့သူ့မိန်းမခေါင်းကို ခုတ်ချပစ်လိုက်တာ။ ခေါင်း (၃)ချက် ပေါက်သွားတယ်။ နောက်လက်ရော၊ ခြေထောက်ရောသူခုတ်တယ်။ သူခုတ်ပြီးတော့ သူပြေးတော့ မပြေးဘူး။ နောက်သူယောက္ခမအိမ်ကိုပါမီးရှို့လိုက်တယ်။ အိမ်အောက်မှာ(ထော်လာစက်)တွေပါအကုန် မီးလောက်ကုန်တယ်။ နောက်သူ့ကိုယ်သူ အဖမ်းသွားခံတယ်။ သူ မြင်းဆေးသောက်တယ် ။ (၅)လုံးတဲ့။ နောက် (ကော်ဖီ) ပါ(၅) ထုပ်သောက်လိုက်တယ်လို့ သွားဝန်ခံပြီးအဖမ်းသွားခံတယ်။”

ပြီးခဲ့တဲ့နှစ်က သူ့ ညီဖြစ်သူ စောသူးက ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို စောလားက ပြန်ပြောပြနေတာပါ။ သူ့ညီ ဖြစ်သူဟာ အာဏာသိမ်းပြီးနောက်ပိုင်း စိတ်ကြွရူးသွပ်ဆေးပြားလို့ခေါ်တဲ့ WY မူးယစ်ဆေးပြားတွေကို စတင်သုံးစွဲခဲ့ပြီး ဆေးစွဲခဲ့တယ်လို့ ဆိုပါတယ်။

WY ကို ရာဘလို့ခေါ်ကြပြီး စိတ်ကြွရူးသွပ်ဆေးလို့ လူသိများက ကြပါတယ်။ WY ကိုသုံးစွဲသူတွေဟာ လုံး၀အိပ်ချင်စိတ်မရှိသလို၊ အစာစားချင်စိတ်လည်းမရှိဘဲ အလုပ်ကြမ်းတွေကို နေ့ရောညပါ လုပ်နိုင်တဲ့အားအင်ရှိလာကြပါတယ်။ ဒါပေမယ့် အသုံးပြုမှုကြာလာတဲ့အခါ ကိုယ်ခံအားလျော့နည်းပြီး စိတ်ဂယောင်ခြောက်ခြား ဖြစ်တာမျိုး၊ စိတ်လွတ်ကိုယ်လွတ်ဖြစ်ပြီး စောသူးရဲ့အဖြစ်လို လုပ်ချင်တာတွေ လုပ်တာမျိုးအထိ ကြုံတွေ့ရနိုင်ပါတယ်။

စောလားတို့ ညီအစ်ကိုနှစ်ဦးက ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ နေထိုင်ကြတာပါ။ ပိုင်ကျုံမြို့နယ်ဟာ KNU -ကရင်အမျိုးသားအစည်းအရုံးရဲ့ ထိန်းချုပ်နယ်‌မြေဖြစ်တဲ့ တပ်မဟာ (၇) ထဲမှာရှိတဲ့မြို့နယ် တစ်ခုဖြစ်ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးခြင်းမှာပဲ ကျူးလွန်သူ စောသူး ကိုယ်တိုင် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်းမှာ သွားရောက်အဖမ်းခံခဲ့ပါတယ်။ ရက်အနည်းငယ်ကြာပြီးနောက် သူ့အမျိုးသမီးနဲ့ ရွာသူကြီးတွေက အာမခံတောင်းပန်ခဲ့တာကြောင့် ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီအချိန်ကသူရဲ့ အမျိုးသမီးဖြစ်သူက မူးယစ်ဆေးဝါးသုံးစွဲမှုလို့ မပြောဆိုဘဲ အိမ်တွင်း အကြမ်းဖက်မှုလို့ ပြောဆိုပြီး အာမခံခဲ့တာ ဖြစ်ပါတယ်။

စောလားရဲ့ပြောပြချက်အရ အဲဒီဖြစ်စဉ်ပြီးနောက် ၂ နှစ်အကြာမှာတော့ သူ့ညီဟာ မူးယစ်ဆေးဝါးသုံးတာ ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး စောသူးနဲ့ သူ့အမျိုးသမီးကတော့ အင်တာဗျူးခံဖို့ ငြင်းဆန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စိတ်ကြွမူးယစ်ဆေးသုံးစွဲမှုမြင့်တက်လာခြင်းထဲမှာ စောသူးဟာ သားကောင် တစ်ကောင်ဖြစ်ခဲ့ပါတယ်။

မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သူ စောမောင်မောင်ကတော့ ၂၀၁၅ ခုနှစ်နောက်ပိုင်း စိတ်ကြွမူးယစ်ဆေးဝါးဆေးပြားသုံးစွဲမှုလျော့နည်းအောင် ပညာပေးအစီအစဉ်တွေ၊ ရောင်းဝယ်တဲ့သူတွေကို ဖမ်းဆီးအရေးယူမှုတွေ ပြုလာတဲ့အတွက် သုံးစွဲသူထက်ဝက် လျော့ကျသွားခဲ့တယ်လို့ သူတို့ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေကိုမှီငြမ်းပြီး ပြောပြပါတယ်။

၂၀၂၀ လဆန်းမှာတော့ သုံးစွဲသူတွေ ၇၀၊ ၈၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပိုများပြားလာတယ်လို့ ဆိုပါတယ်။ အာဏာမသိမ်းခင်က မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်း တွေကို သူ့အဖွဲ့ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတစ်ချို့ လုပ်ဆောင်တာရှိပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အခက်ခဲအမျိုးမျိုးကြောင့် ထိုလုပ်ငန်းတွေ ဆက်လုပ်လို့မရတော့ဘဲ ရပ်တန့်ခဲ့ပါတယ်။ အဓိကတော့ ကွင်းဆင်းဆောင်ရွက်တဲ့အခါမှာ ခွင့်ပြုမိန့်တင်ရတာတွေနဲ့ အခြားအခက်ခဲတွေကြောင့် ရပ်နားလိုက်ကြရပြီဖြစ်ပြီး သုံးစွဲတဲ့သူတွေ များလာတာက ရာဘဆေးပြား ဈေးနှုန်းကျသွားတာကြောင့်လို့ စောမောင်မောင်က ဆိုပါတယ်။

“မူးယစ်ဆေးဝါးတိုးလာတယ်ဆိုတာက WY က စျေးနှုန်းလည်းတော်တော်ကျသွားတယ်။ စျေးနှုန်းကျသွား တယ်ဆိုတာက အကုန်လုံးသုံးလို့ရတဲ့အဆင့်တန်းဖြစ်တယ်။ တစ်ထောင်ပတ်ဝန်းကျင်လောက်ပဲရှိတယ်။ အရင်က နှစ်ထောင်ဖြစ်တယ်။ တစ်ထောင်ပတ်ဝန်းကျင်ပဲရှိတော့တယ်။ အဝယ်များတော့ စျေးကျတယ်။ စျေးကျတော့ သုံးစွဲသူများတယ်။ အဖမ်းအဆီးကလည်း နည်းတယ်။ ဖမ်းတော့ ဖမ်းတယ်။ ကွက်ကျားကွက်ကျားပဲ။ အဖမ်း အဆီးနည်းတော့ အရောင်းအဝယ်လုပ်တဲ့သူတွေများလာတယ်။”လို့ စောမောင်မောင်က ပြောပါတယ်။

ကရင်ပြည်နယ်တွင်းမှာ မြို့နယ်တိုင်းလိုလို မူးယစ်ဆေးဝါးအသုံးပြုကြပြီး ဒေသခံတွေပြောပြချက်အရ ကြာအင်း ဆိပ်ကြီး၊ ကော့ကရိတ်၊ မြ၀တီ၊ လှိုင်းဘွဲ၊ သင်္ဃန်းညီနောင်၊ ရွှေကုက္ကိုလ်တို့မှာ ရာဘသုံးစွဲသူတွေ အများဆုံးရှိ နေကြတယ်လို့ သိရပါတယ်။ အဲဒီဒေသတွေဟာ KNU ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၆ နဲ့ ၇ အတွင်းမှာရှိကြပါတယ်။

လက်ရှိမှာတော့ မူးယစ်ဆေးဝါး စျေးနှုန်းတွေက မြို့နယ်တစ်ခုနဲ့ တစ်ခုမတူညီကြသလို ဆေးဝါးတွေကို ကွမ်း ယာဆိုင်၊ လက်ဖက်ရည်ဆိုင်လိုနေရာမျိုးတွေမှာ အလွယ်တကူဝယ်လို့ရတာတွေရှိနေပါတယ်။ သုံးစွဲသူတွေ အများစုက အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ် လူငယ်လေးတွေဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့လအနည်းငယ်တုန်းက စိတ်ကြွဆေးပြား-WY သုံးစွဲမှုကို ရပ်လိုက်တဲ့ (၁၄)ကျော်အရွယ်ကျောင်း သားတစ်ဦးရဲ့ မိခင်ဖြစ်သူက “ကျမနေနဲ့တော့ ကိုယ့်သားအတွက် စိုးရိမ်မိတယ်။ ဒါကသွေးသားတွေကို ပျက်စီးတယ်လေ။ ကျမတော့ သူ့ကို ပြောတယ် မကောင်းတာတွေမလုပ်နဲ့ပေါ့။ လူတွေကြားမှာသွားလာရတာ အရမ်းရှက်တယ်။ တစ်ချို့တွေက ကျမတို့ကို ပြောတယ်။ သူ့အဖေ-အမေက အရက်မသောက်-ဆေးမသောက်ဘဲနဲ့ သူ့သားသမီးတွေက အလှည့်ကျတော့ (ယါဘ-WY)တွေသောက်တယ်ပြောတော့ရှက်တာပေါ့။ အခုတော့ သူမ သောက်တော့ဘူး၊ ကျမကို ပြောပြတာပေါ့။ ပြီးခဲ့တဲ့မိုးတွင်းတုန်းကပဲ သူမသုံးတော့ဘူးလို့ ကျမကို ပြောပြလာ တယ်။”လို့ ပြောပါတယ်။

အခုလို စိုးရိမ်နေရတာက သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ကျောင်းသားတွေအသုံးပြုမှုများလာပြီး ကျောင်းမတက်သူတွေများပြားလာတဲ့အတွက် ကျောင်းသားမိဘတွေ၊ ရပ်ရွာလူကြီးတွေက KNLAက တာဝန်ရှိသူ တွေကို မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖမ်းဆီးဖို့ အကူညီတောင်းခံခဲ့ပါတယ်။

အဲဒီနောက် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှာ KNLA က အဖွဲ့ဝင်တွေ၊ ကျေးရွာကတာဝန်ရှိသူတွေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ နောက်ပိုင်းမှတော့ ကရင်ငြိမ်းချမ်း ရေးကောင်စီ-PCနဲ့ နယ်ခြားစောင့်တပ် -BGF က တာဝန်ရှိသူတွေ တိုင်ပင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီမှာ အဆိုပါလက်နက်ကိုင်ဖွဲ့က တာဝန်ရှိသူတွေကိုပါ ထည့်သွင်းခဲ့ပါတယ်။

ဒီမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီက ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ တစ်ခုတည်းသော ကော်မတီ ဖြစ်ပြီး ကော်မတီကနေ ၂၀၂၂ တစ်နှစ်အတွင်း ဆေးဝါးသုံးဆွဲသူ ၇၂ ဦး၊ ကိုယ်တိုင်းရောင်းဝယ် သောက်သုံးသူက (၁၁) ဦးဖမ်းဆီးမိတယ်လို့ ဆိုပါတယ်။

ဒါဟာသုံးစွဲနေတဲ့ပမာဏနဲ့နှိုင်းယှဉ်ရင် အလွန်နည်းပါးတဲ့အရေအတွက် ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါ တယ်။ ဖမ်းမိသူတွေကို အပြစ်ပေး အရေးယူရာမှာတော့ KNU ဗဟိုက ချမှတ်ထားတဲ့ပုံစံအတိုင်းပဲ အရေးယူတာဖြစ်ပါတယ်။ KNU က ထုတ်ပြန်ထားတဲ့ မူးယစ်ဆေးဝါး ဥပဒေအရ မည်သူမဆို WY ဆေး ၁၀ လုံးအောက်ဖမ်းမိပါက သုံးစွဲသူကိုလည်းကောင်း၊ ရောင်းဝယ်သူကိုလည်းကောင်း အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ်ချမှတ်နိုင်ပါတယ်။ ဥပဒေထဲမှာ ဆေးပြားအရေအတွက်ပေါ်မူတည်ပြီး ထောင်ဒဏ်အသီးသီးရှိပြီး ထုတ်လုပ်တဲ့ စက်ပစ္စည်းကိရိယာနဲ့မိပါက အများဆုံးထောင်ဒဏ် ၁၅ နှစ်ထိ ကျခံနိုင်တဲ့ပြစ်ဒဏ်တွေပါဝင်ပါတယ်။

လက်ရှိအချိန်မှာတော့ ကော်မတီက ဖမ်းဆီးရမိသူတွေကို တစ်ပတ်လောက်ထိန်းသိမ်းထားပြီး သူတို့အမျိုးတွေနဲ့ ကျေးရွာက တာဝန်ရှိသူတွေ အာမခံရင်တော့ ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သူတို့ဆီမှာတော့ တစ်လတစ်ခါ ဆီးလာစစ်ရပြီး ၂ လပြည့်လို့ သောက်သုံးတာမပေါ်တော့ရင် ကျေးရွာတာဝန်ရှိသူတွေကို ဆက်လက်စောင့်ကြည့်ခိုင်းတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီအဖွဲ့ဝင် စောဆဲကလူကတော့ သူတို့က လက်ရှိမှာ မူးယစ်ဆေးဝါး ပပျောက်ရေးအပိုင်းမှာ ဖိအားပေးလုပ်ဆောင်နေပြီး အနာဂတ်မှာတော့ သူတို့ကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကိုပါ သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။

“အခုဒီနယ်မြေတွေမှာတော့ ပြီးခဲ့တဲ့နှစ်တွေကျနော်တို့ စမလုပ်တဲ့အချိန်တုန်းကတော့ အိမ်တွင်းအကြမ်းဖက်မှု၊ အိမ်တွင်းပြဿနာတွေတော့ အများကြီးဖြစ်ခဲ့တယ်။ ဆေးသုံးပြီးအမေကို ဓါးနဲ့လိုက်ခုတ် တာတို့၊ လင်မယား အချင်းချင်းခုတ်တာ၊ ထိုးတာရမ်းကားတာတို့ အမြဲတမ်းဖြစ်တယ်။ အခုတော့ ဒီပြဿနာတွေကို ကျနော်တို့ဖြည်းဖြည်းခြင်းနဲ့ရှင်းနေတာပေါ့။ ရှေ့ဆက်နောက်လာမယ့် နှစ်တွေမှာတော့ ဒီမူးယစ်ဆေး မရှိတာကိုပဲ မြင်ချင်တယ်။ အခုကျနော်တို့သင်တန်းပေးမယ်၊ ပြီးရင်တစ်ခါထဲ ဒီကိစ္စကို လှုပ်ရှားကိုင် တွယ်သွားမယ်ပေါ့”လို့ သူက ပြောပါတယ်။

ကရင်ပြည်နယ်တခုတည်းသာ မူးယစ်ဆေးပြဿနာကို ရင်ဆိုင်နေရတာတော့ မဟုတ်ပါဘူး။ စိတ်ကြွမူးယစ် ဆေးသုံးစွဲမှုက မြန်မာနိုင်ငံအနှံ့မှာ မြင့်တက်နေတာပါ။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး-UNODC ရဲ့ ၂၀၂၂ အစီရင်ခံစာထဲမှာ အရှေ့အာရှနဲ့ အရှေ့ တောင် အာရှမှာ ၂၀၂၁ ခုနှစ်အတွင်း ဘီလီယံချီတဲ့စိတ်ကြွ မူးယစ်‌ဆေးတွေ သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။ ဒီပမာဏက ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ ပမာဏထက် ၇ ဆပိုများနေတာဖြစ်ပါတယ်။ စိတ်ကြွမူး ယစ်‌ဆေးအများစုကို မဲခေါင်ဒေသအောက်ပိုင်းဒေသတွေဘက်မှာ ထုတ်လုပ်ပြီး အထူးသဖြင့်တော့ ရှမ်းပြည် နယ်က ဝေးလံခေါင်သီတဲ့ နယ်စပ်ဒေသတွေမှာ ထုတ်လုပ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ရာဘမူးယစ်ဆေးပြဿနာက ကရင်ပြည်နယ်မှာတော့ အသစ်အဆန်းမဟုတ်ပါဘူး။ ဟိုးအရင် ၁၉၉၀ ကာလ တွေတုန်းက ကရင်ပြည်နယ်တွင်းသစ်ထုတ်လုပ်မှုတွေမှာ အဓိက အလုပ်ကြမ်းလုပ်သူတွေဟာ ဒေသခံ အရပ်သား တွေဖြစ်ပြီး လုပ်ငန်းခွင်မှာ အလုပ်တွင်အောင် ပင်ပန်းနာကျင်တာတွေမရှိအောင် WY စိတ်ကြွဆေးပြား တွေကို စတင်အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

စောကျော်ထူးဆိုသူက အဲ့ဒီ ၁၉၉၀ ဝန်းကျင်ကာလက ဆေးစွဲခဲ့သူတွေထဲမှာ သူလည်းပါခဲ့ပါတယ်။ သူရသမျှ ပိုက်ဆံကို သူ့မိသားစုကို မထောက်ပံ့ခဲ့ဘဲ ရာဘဆေးအတွက်ပဲသုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်တုန်းက လူတွေဟာ မူးယစ်ဆေးနဲ့ပတ်သက်ပြီးအန္တရာယ်ရှိတဲ့အကျိုးဆက်တွေကို အခုလောက် မသိကြသေးဘူးလို့ သူက ပြောပါတယ်။

“အရင်ဆေးသုံးတုန်းက တစ်ထုပ်ကို တစ်နေ့ထဲသောက်တာကုန်တယ်။ တစ်ထုပ်ကိုအလုံး(၂၀၀)ပါတယ်။ တစ်ယောက်ထဲသောက်တာမဟုတ်ဘူးပေါ့။ သူငယ်ချင်းတွေနဲ့အတူတူသောက်တာပေါ့။ ဆေးသုံးတာကြောင့် မိန်းမဆီပိုက်ဆံပြန်တောင်း၊ မသိအောင်ပြန်ယူတာတော့ရှိတာပေါ့။ အခုလက်ရှိသုံးနေတဲ့ကလေးလူငယ်တွေကို ပြောချင်တာက မသုံးတာကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ပျက်စီးတဲ့ဘက်ကိုပဲ ရောက်မှာသေချာတယ်။ ”