Home သတင်း သံတောင်ဒေသခံများ လုံခြုံစွာနေရပ်ပြန်နေထိုင်နိုင်ရေး စစ်ကောင်စီနှင့်ဆွေးနွေးရန် ဘာသာပေါင်းစုံကော်မတီစီစဥ်နေ

သံတောင်ဒေသခံများ လုံခြုံစွာနေရပ်ပြန်နေထိုင်နိုင်ရေး စစ်ကောင်စီနှင့်ဆွေးနွေးရန် ဘာသာပေါင်းစုံကော်မတီစီစဥ်နေ

648
Photo: CJ

မတ်လ ၁၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်မြို့ (၁၃) မိုင်တွင် စစ်ကောင်စီ၏လက်နက်ကြီးရန် စိုးရိမ်ကြောက်လန့်သဖြင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော ဒေသခံများ လုံခြုံစွာ နေရပ်ပြန်နေထိုင်နိုင်ရေး စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသွားရန် သံတောင်မြို့ ဘာသာပေါင်းစုံကော်မတီက စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ ကော်မတီဝင်များက ပြီးခဲ့သည့် မတ်လ(၁၃)ရက်နေ့ကလည်း ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ဘေးကင်းစွာ နေရပ်ပြန်နေထိုင်နိုင်ရေး သွားရောက်တွေ့ဆုံဆွေး နွေးခဲ့ကြပြီး မြို့တွင်းရှိ ရပ်ကွက်၊ အစုအဖွဲ့အလိုက် ကိုယ်စားလှယ်များခေါ်ယူကာ မြို့ခံများထံမှ သဘော ထားကောက်ခံ၍ မကြာမီ ရက်ပိုင်းအတွင်း ခရိုင်အုပ်ချုပ်ရေးမှူးများမှတဆင့် စစ်ကောင်စီနှင့်ဆွေးနွေးသွားရန် လုပ်ဆောင်နေကြောင်း ကော်မတီဝင်များ နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “သဘောထားကောက်ခံတယ်ဆိုတာ ပြန်နေရေး၊ မနေရေးပေါ့လေ။ နေမယ်ဆိုရင်လည်း ဥပမာ စစ်တပ်က ကန့်သတ်ထားတဲ့နေရာတွေကို မသွားဖို့လိုက်နာနိုင်လားပေါ့။ ကေအဲန်ယူဘက်ကတော့ ခင်ဗျားတို့ကို ကျနော်တို့မောင်းထုတ်တာမဟုတ်ဘူး။ ဒီကိစ္စက မြန်မာပြည်တစ်ပြည်လုံးမှာ ဖြစ်နေတဲ့အတွက်ကြောင့် ဘေးကင်းရပါမယ်လို့လည်း ပြောလို့မရဘူးတဲ့။ သံတောင်မှာက စစ်ကိုင်း ဘက်လောက်တောင် မဆိုးဘူးဆိုတော့ အိမ်ပြန်နေကြပါပေါ့။ ဒါပေမဲ့ နေအိမ်တွေမှာတော့ ဗုံးခိုကျင်းတွေ၊ စားနပ်ရိက္ခာတွေတော့ ကြိုတင်ပြင် ဆင်ထားဖို့ ပြောတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် သဘောထားကောက်ခံပြီးနောက် ကော်မတီအနေဖြင့် မြို့အတွင်း ကျန်ရှိနေသော စစ်ကျန်ပစ္စည်း များအား ပြန်သိမ်းယူပေးရန်၊ မြေမြှုပ်မိုင်းများရှိခဲ့ပါက ပြန်ဖျက်ဆီးပေးရန် အစရှိသည်တို့ကို ခရိုင်အုပ်ချုပ်ရေးမှူးများမှတဆင့်တင်ပြ၍ စစ်ကောင်စီနှင့်ညှိနှိုင်းဆွေးနွေးကာ တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

Photo: CJ

အဆိုပါ ဘာသာပေါင်းစုံကော်မတီတွင် သံတောင်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ၉ ကျောင်းမှ ဆရာတော်များ၊ ဘုန်းကြီးကျောင်း ၂ ကျောင်းမှ ဂေါပကလူကြီးများနှင့် သံဃာတော်အချို့ပါဝင်ပြီး အသင်းတော်အသီးသီး၏ ကိုယ်စားလှယ်များဖြင့် ဆပ်ကော်မတီများ စုဖွဲ့၍လုပ်ဆောင်နေကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

၎င်းက “အဲ့သဘောထား ကောက်ခံတဲ့ကိစ္စက သိထားတာ ရက်ပိုင်းလောက်ရှိပြီ။ သံတောင်မှာက ဘာသာရေး ဆရာတွေက မြို့ခံတွေအပေါ် တော်တော်လေး လွှမ်းမိုးမှုရှိတယ်။ အရင်ကလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-PDF တွေကို မြို့ထဲမှာ တိုက်ခိုက်တာတွေမလုပ်ဖို့ ပြောသေးတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လ(၁၅)ရက်နေ့က သံတောင်မြို့(၁၆)မိုင် စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့် လာရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာတွင် (၁၃)မိုင် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး ပစ်ကူတိုက်ခိုက်ပေးခဲ့သောကြောင့်(၁၃)မိုင်နှင့်အနီးတဝိုက်သို့ လက်နက်ကြီးကျရောက်မှုများရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

သံတောင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ(၂၇)ရက်နေ့က စစ်ကောင်စီတပ်နှင့် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွား၍ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် မြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံများ နီးစပ်ရာမြို့နှင့် တောရွာများသို့ တိမ်းရှောင်ထွက်ပြေးခဲ့ရသလို ဖေဖော်ဝါရီလ (၄)ရက်မှ မတ်လ(၆)ရက်နေ့တွင်း ကေအဲန်ယူခေါင်းဆောင်အချို့၏ နေအိမ်အပါအဝင် အရပ်သားများ၏နေအိမ် အလုံး(၂၀)အား စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သေးသည်။