Home သတင်း ဝေါလေ-မြ၀တီဒေသအတွင်း သွားလာသူ ဒေသခံများ သူကြီးထောက်ခံချက်ဖြင့်သာ သွားလာခွင့်ရ

ဝေါလေ-မြ၀တီဒေသအတွင်း သွားလာသူ ဒေသခံများ သူကြီးထောက်ခံချက်ဖြင့်သာ သွားလာခွင့်ရ

691
Photo: ပုံဟောင်း

မတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြ၀တီ-ဝေါလေ လမ်းပိုင်းတစ်လျှောက် ကျေးရွာများမှဒေသခံများသွားလာရာတွင် သူကြီး ထောက်ခံချက်ဖြင့် စစ်တပ်စစ်ဆေးရေးဂိတ်များအား အဆက်အသွယ်ပြုလုပ်ကာ ကန့်သတ်ချက်၊ ခွင့်ပြုချက်ဖြင့် သွားလာခွင့်ရနေသည့်အတွက် မိသားစုအစားအသောက် ၀ယ်ယူရေးနှင့် စိုက်ပျိုးရေး ကိစ္စများသွား လာလုပ်ဆောင်ရာတွင် အခက်အခဲရှိနေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ မြ၀တီ-ဝေါလေလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF၊ အပစ်ရပ် ဒီမိုက ရေစီအကျိုးပြုကရင့်တပ်မတော်-DKBA တပ်များ၏ စစ်ဆေးရေးကင်းစခန်းများကို ဖြတ်သန်းသွား လာ ရာတွင် မိမိတို့နေထိုင်သည့်ဒေသ ကျေးရွာသူကြီးများထံမှ စစ်ဆေးမေးမြန်းအတည်ပြုချက်ရမှသာ မိသားစုသွားလာခွင့်နှင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ရသည့်အခြေအနေဖြစ်ကြောင်း လေးဒေး ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ သေ့ဘောဘိုး၊ ကျောက်ခက်၊ လေးဒေး၊ ဝေါလေ၊ ဥကရစ်ခီး၊ ဥကရစ်ထ၊ မုလအိ၊ စုကလိ၊ အဲ့ဘက်ကနေ ဒေသခံတွေ မြ၀တီဘက်ဆင်းမယ်ဆိုရင် ကျေးရွာအုပ်ကြီးတွေကို စစ်တပ်က ဖုန်းလှမ်းဆက်တယ်။ နင့်တို့ရွာသားလား လှမ်းမေးတယ်၊ သူကြီးကဟုတ်တယ် ငါ့ရွာသားဆိုမှ သွားလာ ခွင့်ရတယ်။ ကားပေါ်ဆိုင်ကယ်ပေါ်မှာ ပစ္စည်းအများကြီးတင်လာ၀ယ်လာ၊ သယ်လာလို့မရဘူး။ တစ်ပိုင်တစ်နိုင် အိမ်စားဖို့ ကိုယ်သုံးဖို့ ပုံစံမျိုးပဲ သယ်လို့ရတယ်ဆိုတော့ စျေးသွား၊ မြို့သွားဖို့က ကားစရိတ်၊ ဆိုင်ကယ်စားရိတ်နဲ့က တွက်ခြေမကိုက်ဘူး ”ဟု လေးဒေး ရွာသားက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်နှင့် ထိစပ်နေသည့် ကျေးရွာများအနီးသောင်ရင်းမြစ် တစ်ဘက်ကမ်း ထိုင်း ကျေးရွာများဘက်တွင် ထိုင်းစစ်တပ်၊ ထိုင်းနယ်ခြားစောင့်တပ်များဘက်မှလည်း မြန်မာပြည်ဘက် ကျေးရွာများသို့ သယ်ဆောင်မည့် စားသောက်ကုန်၊ အသီးအနှံ၊ အသုံးအဆောင်၊ စက်ပစ္စည်း၊ စိုက်ပျိုးရေး ပစ္စည်းများနှင့် ဒေသအတွင်း နှစ်ဖက်ဒေသခံများ ကူးသန်း၀င်ထွက်သွားလာမှုအပေါ် စစ်ဆေး ကန့်သတ်မှုများ ယခုလပိုင်းအတွင်း ပိုပြီးလုပ်ဆောင်လာနေကြောင်း ဒေသခံများက ပြောသည်။

ကျောက်ခက်ကျေးရွာ ဒေသခံတစ်ဦးက “အခုက တိုက်ပွဲဖြစ်လိုက်၊ ရပ်လိုက်ဖြစ်နေတဲ့ KNU တပ်မဟာ ၆နယ်မြေ ဖလူး-ဝေါလေလမ်းပိုင်း၊ မော်ခီး-ထီးသဘလယ်-ကလော့ထော်၊ စုကလိ-မုလအိ ဒေသဘက် မှာဆိုရင် စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ စစ်ရေးတင်းမာတာတွေ ဆက်ရှိနေတော့ ထိုင်းနယ်စပ် ဘက်လည်း ထိုင်းစစ်တပ်က အင်အားပိုတိုးချထားပြီး ထိုင်းရွာ၊ မြန်မာရွာတွေပစ္စည်းသယ်၊ အရောင်း အ၀ယ် ဟိုဘက်ကူး၊ ဒီဘက်ကူးတာတွေ ပေးမကူးဘူး။ စစ်ဆေးတာတွေက ပိုလုပ်လာတယ် ”ဟု ပြော သည်။

ထိုင်း-မြန်မာ နယ်စပ်အနီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ် နယ်မြေ စိုးမိုးရေးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များနှင့် တိုက်ပွဲများ မကြာခဏ ဆက်လက် ဖြစ်ပွားနေဆဲကာလအတွင်း တိုက်ပွဲနေရာနှင့်ဝေးသည့် ဒေသအတွင်းကျေးရွာသားများ စစ်ဘေးရှောင် စခန်းများကျေးရွာများဘက် ပြန်လည်နေထိုင် ကြသူ အချို့ ရှိလာသည်ဟု သိရသည်။

အဆိုပါ ပြန်လည်နေထိုင်သူများသည် လတ်တလော ဒေသအတွင်းမှ ဖြတ်သန်းသွားလာမှုအပေါ် စစ်ကောင်စီတပ်နှင့် BGF တပ်များ၏ ကန့်သတ်စစ်ဆေးမှုများအကြား သွားလာနေထိုင်နေကြရသည့်အတွက် လုံခြုံရေးအရဖမ်းဆီးခြင်း၊ ပစ္စည်းသိမ်းခံရခြင်းနှင့် ပေါ်တာဖမ်းဆီးခံရမည့်အရေး စိုးရိမ်မှုဖြင့် သွားလာနေရကြောင်း ဒေသခံများက ပြောသည်။