Home သတင်း ရေး ပြောက်ကျားတပ်ဖွဲ့ ဖမ်းဆီးရမိထားသည့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို (ERO)ထံ လွှဲပြောင်း

ရေး ပြောက်ကျားတပ်ဖွဲ့ ဖမ်းဆီးရမိထားသည့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို (ERO)ထံ လွှဲပြောင်း

692

ဖေဖော်ဝါရီလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ် လမိုင်းမြို့နယ် ကနင်ကမော့နှင့်အောင်သာယာကျေးရွာအကြားတွင် ဖေဖော်ဝါရီလ(၄)ရက် မွန်းလွဲ ၂ နာရီခွဲအချိန်၌ ရေး(YGF)တပ်ဖွဲ့မှ ဖမ်းမိထားသည့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (ERO)ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ရေး(YGF)တပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းမိထားသည့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ စစ်ဆေးမေးမြန်းရာမှ ကရင်ပြည်နယ်ကျုံဒိုးမြို့ရှိ ပြန်တမ်းဝင် အမှတ်−၆၂၁၇၉ ဗိုလ်ကြီး−မြတ်သူ ခမရ(၅၄၅)တပ်ရင်းက ဖြစ်ကြောင်း သိရှိရသောကြောင့် ရေး(YGF)အဖွဲ့မှ (ERO)ဆီသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ရေး(YGF)က ထုတ်ပြန်ထားသည်။

“ခုတော့(ERO)ဆီအပ်လိုက်ပြီး။ စစ်သင့်သလောက်စစ်ပြီးကောင်းကောင်းမွန်မွန်ပဲအပ်ပေးလိုက်ပါတယ်။ စကစဘက်က ဘာမှတုန့်ပြန်ထားခြင်းတော့ မရှိသေးဘူး။ ပြီးတော့သူတို့က ဒီဘက်တပ်က မဟုတ်ဘူး။ တာဝန်နဲ့ဒီဘက်ကိုလာတာပဲ”ဟု ရေး(YGF)တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံစောခေတ်သစ်က ကေအိုင်စီသို့ ပြောသည်။

ထို့နောက် ဖမ်းမိသည့်ဗိုလ်ကြီးထံမှ သိမ်းဆည်းရမိသည့် ပစ္စည်းများကိုလည်း ပြည်သူလူထုများထံ အသိပေးတင်ပြထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင်လည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာထဲရှိ စစ်ကောင်စီတပ်ပိုင်ဖြစ်သည့် (MYTEL)တာဝါတိုင်အနီးရှိ ဆယ်သွယ်ရေးအထိုင်စက်နှင့် အခြားဆက်စပ်ပစ္စည်းမျာကို ရေး(YGF)တပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း ထုတ်ပြန်ထားသည်။