Home သတင်း တိုက်ပွဲမကြာခဏဖြစ်နေ၍ မြဝတီ−ကော့ကရိတ် အာရှလမ်းတွင် ကားအသွားအလာနည်းပါးလာ

တိုက်ပွဲမကြာခဏဖြစ်နေ၍ မြဝတီ−ကော့ကရိတ် အာရှလမ်းတွင် ကားအသွားအလာနည်းပါးလာ

540
Photo: Crd.

ဖေဖော်ဝါရီလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ကော့နွဲကျေးရွာဘက်တွင် စစ်ကောင်စီတပ်များနှင့် နယ်မြေခံ တော်လှန်ရေး ပူးပေါင်းတပ်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိနေသောကြောင့် မြဝတီ−ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ယခုလဆန်းပိုင်းမှစတင်ကာ ယာဉ်သွားယာဉ်လာ နည်းပါးလာနေကြောင်း ယာဉ်မောင်းများက ပြောသည်။

ပြီးခဲ့သည့်လပိုင်းက ကော့ကရိတ်မြို့နယ် တံတားကျိုးကျေးရွာနှင့်ကော့နွဲကျေးရွာတွင် စစ်ကောင်စီ တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးသည့်နောက် ယခုလတွင်လည်း တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေဆဲရှိနေ သောကြောင့် ခရီးသွားပြည်သူများနှင့် ကားအတက်အဆင်းသွားလာမှုများနည်းပါးလျက်ရှိနေသည်ဟု ယာဉ်မောင်းတစ်ဦးက ယခုလိုပြောသည်။

“လမ်းခရီးအခြေအနေကတော့ကားတာ့လက်ကုန်ပါးတယ်။ ကားအတက်အဆင်းတွေ တအားနည်း တယ်။ ဟိုနေ့တုန်းကစစ်ကြောင်းတွေတက်သွားတော့ ကားတွေအဆင်းအတက်မလုပ်ကြတော့ဘူး။ ၃ ရက်နေ့က ကော့နွဲကြားမှာတိုက်ပွဲဖြစ်လိုက်သေးတယ်။ ခရီးသည်တွေလည်းသိပ်သွားလာတာမရှိဘူး။ ကျနော်ဆိုလည်း စောစောသွားစောစောပြန်ဆင်းမှရမယ်။ အာရှလမ်းအခြေအနေက သိပ်ပြီးမှမ ကောင်း ပဲဟာ။ သွားတော့ သတိနဲ့သွားလာရတာပေါ့။ အခြေအနေစောင့်ကြည့်ပြီးသွားရတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် လများတွင် ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့သလို အနီးဝန်းကျင်တွင်လည်း နှစ်ဖက် ပြင်းထန်တိုက်ပွဲများဖြစ်ပွားခဲ့သေးသောကြောင့် စစ်ကောင်စီ၏ ကာကွယ်ရေးနှင့်လုံခြုံရေး(ကာလုံ) အစည်းအဝေးတွင် ကော့ကရိတ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ထားသည်။

ထို့အပြင် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ကော့နွဲကျေးရွာအကြားရှိ ရွာသစ်လမ်းဆုံတွင်လည်း စစ်ကောင်စီတပ်များနှင့် နယ်မြေခံတော်လှန်ရေး အင်အားစု ပူးပေါင်းတပ်များအကြား ပစ်ခတ်မှုမိနစ် အနည်းငယ် ဖြစ်သွားသေးကြောင်း ၎င်းပစ်ခတ်မှုဖြစ်ပွားရာ အနီးအနားရှိ ဒေသခံရွာသားတစ်ဦးက ပြောသည်။

၎င်းက “တိုက်ပွဲတော့နည်းနည်းဖြစ်တယ်။ ဖြစ်တာက BGF နဲ့ဖြစ်တာ။ ဘယ်စစ်ကြောင်းနဲ့ ဖြစ်တာလဲ ဆိုတာတော့ သေချာမမေးကြည့်ရသေးဘူး။ ကော့နွဲရွာကြား ရွာသစ်လမ်းဆုံမှာဖြစ်တာ”ဟု ပြောသည်။

အလားတူ မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲမကြာခဏ ဖြစ်ပွားလျက်ရှိ နေသောကြောင့် စစ်ကောင်စီတပ်များက သင်္ဃန်းညီနောင်ဂိတ်တွင် ခရီးသွားပြည်သူများနှင့် ယာဉ်များ ကို စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်လျက်ရှိနေကြောင်းလည်း ယာဉ်မောင်းများထံမှ သိရသည်။