Home သတင်း ထီးကပလယ် စစ်ကောင်စီစခန်းကို Drone ဖြင့် တိုက်ခိုက်မှုအတွင်း တပ်ခွဲမှူး ၂ ဦးအပါအဝင် ၄ သေဆုံးခဲ့ဟု KNDO ပြော

ထီးကပလယ် စစ်ကောင်စီစခန်းကို Drone ဖြင့် တိုက်ခိုက်မှုအတွင်း တပ်ခွဲမှူး ၂ ဦးအပါအဝင် ၄ သေဆုံးခဲ့ဟု KNDO ပြော

1362
Photo: KNDO

ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ၊ မြဝတီမြို့တောင်ဘက် ထီးကပလယ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO ဦးဆောင် သည့် ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ရက်နေ့တွင် Drone ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရင်း(၂)ရင်းမှ တပ်ခွဲမှူး (၂)ဦးအပါအဝင် (၄) ဦးသေဆုံးသည်ဟု KNDOက ပြောသည်။

KNDO တပ်ရင်း ၈ (လုံခြုံရေးတပ်ရင်း)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ၁၀၃ တပ်ရင်း နှင့် Federal Wings Drone ပူးပေါင်းတပ်ဖွဲ့တို့က ထီးကပလယ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၃၂ နှင့် ခမရ ၅၈၅ ကို သွားရောက်တိုက်ခိုက်ရာတွင် ထိုတပ်ရင်း နှစ်ရင်းမှ တပ်ခွဲမှူး ၂ ဦးလုံး သေဆုံးခဲ့သည်ဟု KNDO တပ်ရင်း (၈) တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီးစောအယ်မြထူးက ကေအိုင်စီသို့ ပြောသည်။

၎င်းက“ (ကရင့်)တော်လှန်ရေးနေ့နဲ့ စစ်တပ်အာဏာသိမ်းတဲ့နေ့ အဲဒီ ၂ ရက်မှာ ကျနော်ကိုယ်တိုင်ဦးဆောင်ပြီး KNLA တပ်ရင်း (၁၀၃)နဲ့ပေါင်းပြီး သွားတိုက်တာဖြစ်တယ်။ အဲဒီမှာ ကျနော်တို့က သူတို့ခေါင်းဆောင် တွေနေတဲ့တဲကို အားပြင်းတဲ့ ကျည်ကိုသုံးပြီး ပစ်မှတ်ထားပစ်တယ်။ အဲဒီမှာသူတို့ တပ်ရင်း (၂)ရင်းက တပ်ခွဲမှူး တွေက အဲဒီမှာရှိတော့အကုန် ထိတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ခလရ ၃၂ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဝင်းနိုင်မှာ ထိုစခန်းတွင်ပင် ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာပြင်းထန်သည့် ခမရ-၅၈၅ တပ်ရင်းမှ တပ်ခွဲမှူးဗိုလ်ကြီး ဝေလင်းစိုးနှင့် ၎င်း၏ ရဲဘော် ၂ဦး တို့မှာ ဝေါလေဗျူဟာကုန်းတွင် ပြန်လည်သေဆုံးခဲ့သည်ဟု ဒုဗိုလ်မှူးကြီး စောအယ်မြထူးက ဆက်ပြောသည်။

၎င်းအပြင် ထီးကပလယ်စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လတုန်းကလည်း KNLA၊ KNDO နှင့် မဟာမိတ်ပူးပေါင်းတပ်တို့မှ တက်ရောက်တိုက်ခိုက်မှုလုပ်ဆောင်ရာ အောက်စခန်းကုန်းအထိ တက်ရောက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူဖြင့် လာရောက်ပစ်ခတ်သည့်အတွက် အဆိုပါ စခန်းကို မသိမ်းပိုက်နိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။