Home သတင်း ကော့ကရိတ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မြို့တွင်း လုံခြုံရေးပိုမိုတင်းကြပ်

ကော့ကရိတ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မြို့တွင်း လုံခြုံရေးပိုမိုတင်းကြပ်

682

ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီက Martial Law စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာပြီးနောက်ပိုင်းတွင် မြို့တွင်း စစ်ကောင်စီတပ်များ လုံခြုံရေးပိုမိုတင်းကြပ်မှု လုပ်ဆောင်လာနေကြောင်း ကော့ကရိတ်မြို့ဒေသခံများက ပြောသည်။

တိုက်ပွဲများအမြဲလိုလိုဖြစ်ပွားနေသည့် ကော့ကရိတ်မြို့သည် စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာပြီးနောက် မြို့တွင်း လမ်းဆုံလမ်းဂွများတွင် စစ်ကောင်စီတပ်များ လုံခြုံရေးပိုမိုချထားခြင်းနှင့် စစ်ကောင်စီတပ်များ မြို့တွင်းလှုပ်ရှားသွားလာမှုပိုမိုလုပ်ဆောင်လာနေကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ဒီနှစ်ရက်၊ သုံးရက်မှာ မြို့တွင်း စစ်ကောင်စီတွေတော်တော်သွားလာလှုပ်ရှားနေတယ်။ လမ်းဆုံလမ်း ဂွတွေမှာလည်း လာစောင့်နေတယ်။ ကားတွေနဲ့ ရွှေကြက်မင်း ဘုရားဘက်တက်လိုက်၊ မြို့ထဲပြန်ဝင်လိုက် အမြဲသွားလာနေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့သည် Martial Law စစ်မြေပြင်အဖြစ်ကြေညာပြီး ကော့ကရိတ်-ရွာသစ်လမ်းဆုံတွင် တိုက်ပွဲအနည်းငယ်ဖြစ်ပွားလျက်ရှိရာ တိုက်ပွဲများထပ်မံပြင်းထန်လာမည်ကို စိုးရိမ်နေကြောင်း ကော့ကရိတ်မြို့အနီးကျေးရွာသူ/သားများက ပြောသည်။

“ကော့ကရိတ်မြို့ Martial Law ကြေညာတော့ တိုက်ပွဲပိုမိုပြင်းထန်လာမှာ စိုးရိမ်တယ်။ ပြီခဲ့တဲ့သောကြာ နေ့က ကော့ကရိတ်-ရွာသစ်လမ်းဆုံမှာ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီတပ်တွေလက်နက်ကြီးပစ်တာ ရွာခံ တစ်ဦး ဒဏ်ရာရသေးတယ်။ ရွာသားတွေလည်းပြေးကြပြီး။ စစ်ကောင်စီတပ်တွေ တက်လာရင်တော့ ကျမလည်းနေမရဲတော့ဘူး။ ပြေးရတော့မယ်”ဟု မောင်းမရွာသစ် ကျေးရွာခံတစ်ဦးက ‌ပြောသည်။

ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအုပ်စုနှင့် မောင်းမကျေးရွာအုပ်စုအတွင်းရှိ ကျေး ရွာသူ/ သားများသည် တိုက်ပွဲကြောင့် မကြာခဏထွက်ပြေးတိမ်းရှောင်နေရပြီး ယခင်နှစ် ဒီဇင်ဘာလ ၁၆ ရက်တွင် တစ်ဖန်ထပ်မံတိမ်းရှောင်ရကာ ယခုအချိန် နေအိမ်ပြန်လည်နေထိုင်မရဲသေးကြောင်း ကော့နွဲရွာသားများထံမှ သိရသည်။

အလားတူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်ရှိ ကော့ကရိတ်၊ ဝင်းရေး၊ နို့တကော်မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာများကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ စစ်အုပ်ချု‌ပ်ရေး မာရှယ်လောအာဏာကျင့်သုံးရန် စစ်ကောင်စီအတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ အမိန့်အရ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ထုတ်ပြန် ထားခြင်းဖြစ်သည်။

ထို့အတူ ကော့ကရိတ်မြို့နယ်တွင် Martial Law ကြေညာပြီးနောက် မြဝတီ−ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ယခုလဆန်းပိုင်းမှစတင်ကာ ယာဉ်သွားယာဉ်လာ နည်းပါးလာနေကြောင်း ယာဉ်မောင်းများက ပြောသည်။